Thursday, December 25, 2014

ပီပါထဲသို့ ဆီထည့်စဉ် နော်ဇယ်ခေါင်းနှင့် ပွတ်တိုက်မိရာမှ ဆီဘောက်ဆာ ကားကြီးနှင့် ဆီပီပါတင် ၁၂ ဘီးကားနှစ်စီး မီးလောင်


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ Asia Energy ဆီသိုလှောင်ရေး ခြံအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဆီပီပါတင် ကားများပေါ်ရှိ ဆီပီပါ အလွတ်များထဲသို့ ဆီဖြည့်စဉ် ဆီပိုက်ခေါင်းဖြစ်သော နော်ဇယ်ခေါင်းနှင့် ဆီပီပါတို့ ပွတ်တိုက်မိရာမှ မီးပွားများ လွှင့်စင်ကာ ဆီဘောက် ဆာ ကားကြီးတစ်စီးနှင့် ၁၂ ဘီး ဆီပီပါတင် ကားနှစ်စီး မီးလောင်ကျွမ်းကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် စတင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်ခဲ့ရာ ယင်းမီးလောင်ကျွမ်းရာ နေရာသို့ မီးငြှိမ်းသတ်ယာဉ် ၅၅ စီး၊ အုပ်ချုပ်ရေး ယာဉ် နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၄၀ ဦးတို့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ကားပေါ်က ပီပါတွေထဲမှာ ဒီဇယ်ဆီတွေ ဖြစ်နေလို့သာ။ ဓာတ်ဆီသာဆို မလွယ်ဘူး။ အရမ်းလည်း အန္တရာယ် များတဲ့ မီးလောင်ကျွမ်းမှုပါ” ဟု ၎င်းကဆိုသည်။

မီးစတင် လောင်ကျွမ်းသည့် အချိန်တွင် မီးတောက်ကြီးများ အပေါ်သို့ အတော်မြင့်တက်သွားပြီး မီးသတ် ယာဉ်များ အချိန်မီ ရောက်ရှိလာခြင်းကြောင့်သာ ပြင်းထန်သည့် ပေါက်ကွဲမှုများ မဖြစ်ပေါ်ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတစ်ရပ်တွင် ရှိနေသော် လည်း မီးလောင်ကျွမ်းနေသော နေရာများကို အစွမ်းကုန် မီးငြှိမ်းသတ်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ရှိခဲ့သူ သမ္မတော ကျေးရွာဒေသခံ ဦးအောင်နိုင်က ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိကြောင်း မီးလောင်ကျွမ်းမှုကြောင့် မော်တော်ယာဉ်သုံးစီး ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၁၅,၆၄၀,၀၀၀ ခန့်ရှိပြီး ယင်းခြံ တာဝန်ခံ ဦးမင်းမင်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ ထပ်မံသိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဆီသိုလှောင်ရေး ခြံတာဝန်ခံ ဦးမင်းမင်းကို ပုဒ်မ ၂၈၅၊ ပ ၂၅၂/ ၂၀၁၄ ဖြင့် အုန်းချောရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိသည်ဟု အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment