Wednesday, December 3, 2014

ဦးအောင်သောင်းအမည်ပျက်စာရင်းသွင်းခံရမှု ကန့်ကွက်ရန် မန္တလေးတိုင်းလွှတ်တော်တွင် ချင့်ချိန်နေ

မန္တလေး- ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြံ ပေး၊ တောင်သာမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်းအား အမေရိကန်ပြည်ထောင်စုက အထူးကန့်သတ် သည့် ပိတ်ဆို့မှုအမည်မည်းစာ ရင်း(Black List) ထည့်သွင်းခြင်း ကို မန္တလေးတိုင်းဒေသကြီးလွှတ် တော်တွင် အရေးကြီးအဆိုတင် ကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂ ရက်က ကျင်းပ ခဲ့သည့် ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဦးအောင်သောင်း အား အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း ထည့်သွင်းခဲ့ သည့်ကိစ္စအား မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် အရေး ကြီးအဆိုတင်သွင်းကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။



အဆိုတင်သွင်းရန် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့လွှတ်တော်အစီအစဉ် တွင် ထည့်သွင်းထားခဲ့သော်လည်း လွှတ်တော်မစတင်မီ မိနစ်ပိုင်း အလို၌ အစီအစဉ်ပြောင်းလဲကာ ယင်းအဆိုအား တင်သွင်းခြင်း မရှိပေ။ အမည်မည်းစာရင်းထည့်သွင်းခံခဲ့ရသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သည့်အတွက် အရေးကြီး အဆိုတင်သင့်၊ မတင်သင့်ပြန်လည်ချင့်ချိန်ရန် အစီအစဉ် ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းမောင်ကပြောသည်။

‘‘ကျွန်တော်တို့က ထကန့် ကွက်မယ်ဆိုရင် ဒါက တော်တော် လေးအေးသွားပြီ။ သက်ဆိုင်ရာ ကာယကံရှင်အတွက်လည်း အေး သွားပြီ။ ပြည်သူတွေကလည်း အေးသွားပြီဆိုတော့ ကျွန်တော် တို့က ထပ်ပြီးတော့ နွှေးလို့ ကောင်းမှ ကောင်းပါမလားလို့ ဒါလေးတွေ ပြန်ချင့်ချိန်တာပေါ့။ နည်းနည်းကြာသွားလို့ နီးတဲ့လွှတ်တော်ဆို ကျွန်တော်တို့က ဒါလုပ်လိုက်မှာပဲ။ အခုတော့နည်းနည်းလေးအေးသွားပြီဆိုတဲ့အတွက် ဒါလေးက လုပ်ဖြစ်ဖို့ရာ ပြန်ပြီးတော့ ချင့်ချိန်နေတာ’’ဟု ဦးဝင်းမောင်က အရေးကြီး အဆိုတင်သွင်းမည့်ကိစ္စ ရွှေ့ဆိုင်းသည့် အပေါ်ပြောသည်။

ဦးအောင်သောင်းအား အ မည်မည်းစာရင်းသွင်းသည့်အ ပေါ် ပြည်ထောင်စုလွှတ်တော်မှ လည်း ကန့်ကွက်ပြီးဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ဒေသခံလူထုမှလည်း လက်မခံနိုင်ကြောင်း ကန့်ကွက်မှု များပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ဦးအောင်သောင်းသည် မန္တလေး တိုင်းဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်၍ ၎င်းအား အမည်မည်းစာရင်းထည့်သွင်းသည့် အပေါ်ကိုယ်စားလှယ်များ၏ ဆန္ဒနှင့်အညီမန္တလေးတိုင်း ဒေသကြီးလွှတ်တော်က ကန့်ကွက်ရှုတ်ချရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးဝင်းမောင်ကဆိုသည်။

‘‘ဒီအဆိုဆွေးနွေးမယ်လို့ အန်တီတို့ ကြိုမသိရဘူး။ Agendaထဲမှာ ပါလာပြီးမှ ဘယ်လိုဖြစ်လို့ လဲမသိဘူး။ အစီအစဉ်ပြောင်း သွားတယ်။ သူတို့ကတော့ တစ် သံတည်းထွက်မှာပေါ့။ ဒီကိစ္စက ကြာလည်းကြာသွားပြီဆိုတော့ နည်း နည်းလေးကြာနေပြီဆိုတော့ ကန့်ကွက်ဖို့၊ ထောက်ခံဖို့မလိုတော့ဘူးလို့ ထင်ပါတယ်’’ဟု မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ တစ်ဦးတည်းသော ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၇၃ ဦးရှိပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြစ်၍ ဒေါ်တင်တင်မာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ် တာဝန်ယူထားသူ ဦးစိုင်းမောင်လှတို့သာ အခြားပါတီဝင်များဖြစ်သည်။

ဇူလိုင်လဆန်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူသေဆုံးခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်အုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခြင်း၊ စုံစမ်းအရေးယူပေးရန် တင်ပြတောင်းဆိုခြင်းများ မရှိခဲ့သော်လည်း ဦးအောင်သောင်းကိစ္စအား အရေးကြီး အဆိုတင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဦးအောင်သောင်းအား အမေရိကန်က အမည်မည်းစာရင်းသွင်းမှုကို ကန့်ကွက်ရှုတ်ချကြောင်း အဆိုကို ခေတ္တဖယ်ထားမည်ဖြစ်ပြီး ပြည်သူ့အသံနားထောင်ပြီးမှသာ အဆိုတင်ရန် လို၊ မလိုဆက်လက် လုပ်ဆောင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်။

7Day Daily

No comments:

Post a Comment