Thursday, December 11, 2014

ဗုဒ္ဓရုပ်ပွားတော်ပုံသုံး၍ကြော်ငြာသည့် ဘားဆိုင်တာဝန်ခံများကို အမှုဖွင့်

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသော ပုံဖြင့် ကြော်ငြာသည့် ရွှေတောင်ကြား တွင်ဖွင့်လှစ်သော VGastro Bar ဆိုင်မှာ ဖွင့်ပွဲနေ့မှာပင် အပိတ် ခံရပြီး ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် အထွေထွေမန်နေဂျာ နယူးဇီ လန် နိုင်ငံသား အပါအဝင် သုံးဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေတွင် ဘုရားပုံဖြင့်ကြော်ငြာသော အဆို ပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ် ဖွဲ့က ယာယီပိတ်ထားလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရား ပုံအား လူမှုကွန်ရက်၌တင်ပြီး ကြော်ငြာခဲ့သည့်ဆိုင်အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား တို့သုံးဦးကို ဖမ်းဆီး၍ သာသနာ တော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်အား မလျော်မကန်စွာ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မအပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အဆိုပါဆိုင်အား ချိတ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းကြည်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်က V Gastrobar ဆိုင်အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်က ဘုရားပုံဖြင့် ဒီဇိုင်းဆွဲကာ လူမှုကွန်ရက်စာမျက်နှာများတွင် ကြော်ငြာခဲ့သည်။ အဆိုပါ ကြော်ငြာမှာ လူမှုကွန်ရက်စာမျက်နှာတွင် ချက်ချင်းပျံ့နှံ့သွားကာ ဝေဖန်မှုများထွက်ပေါ်ရာမှ ဆိုင်ကို အရေးယူခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်ကပဲ တရားလိုလုပ်တာပါ။မနက်ဖြန်ပဲ တရားရုံးတင်ပြီး ချက်ချင်း အမိန့်ချနိုင်အောင်လုပ်နေပါတယ်။ လဝက ပုဒ်မနဲ့ တရားမဆွဲတော့ပါဘူး။ဒီထဲမှာပဲ အကုန်ပါနေပါပြီ။ ပြည်နှင်ဒဏ်ပေးမယ်ဆိုရင်လည်း ဒီပုဒ်မထဲမှာပါနေပါတယ်’’ဟု ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊မြို့နယ်မှူး ဦးရဲစိုးမြင့်က ပြော သည်။

‘‘ဘုရားပုံနဲ့တင်တာက နိုင်ငံခြားသားပါ။သူက ဒီကိုရောက်တာလည်းမကြာသေးဘူး ပြောပါတယ်။ ဒီလိုဘုရားပုံတွေနဲ့ ကြော်ငြာတာက ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာလည်း လုပ်ကြလို့ ဒီလိုလုပ်တာပါလို့ ပြောတယ်’’ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးသိန်းဝင်းက ပြောသည်။ ဒီဇင်ဘာ ၁၄ ရက်တွင် Buddha Barဟု အမည်ပေးထား သည့် ပွဲတစ်ခုအဆိုပါဘား၌ကျင်းပမည်ဖြစ်၍ ကြော်ငြာခဲ့ခြင်း ဖြစ်ကာ ဝေဖန်မှုများကြောင့် ယင်း ကြော်ငြာကို ဘား၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဖြုတ်ချခဲ့သည်။

‘‘ရိုင်းစိုင်းတဲ့ အဓိပ္ပာယ်နဲ့လုပ်တာမဟုတ်ဘူး။ လူတွေ မကြိုက်တာကြောင့် ချက်ချင်းဖြုတ်လိုက်တယ်။ ကျွန်တော်တို့ မှားတယ်ဆိုတာကို နောင်တရတဲ့အတွက် ချက်ချင်းပဲဖြုတ်ချလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း cancel လုပ်လိုက်ပါတယ်’’ဟု တရားစွဲဆိုခံထားရသူ ဖီးလစ်ကပြောသည်။

ပွဲဆူသွားပါက ပြန်ဖြုတ်ချသည့်ပုံစံမျိုးဖြင့် လူသိအောင်လုပ်သော ကြော်ငြာမှုမျိုးဖြစ်ခဲ့ပါက သိလျက်နှင့် စော်ကားခြင်းသာဖြစ် ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ် ဦးက မှတ်ချက်ပြုသည်။

ဓာတ်ပုံကိုအင်တာနက်တွင်တွေ့ရှိ၍ အသုံးပြုခဲ့ခြင်းဖြစ်ပြီး စိတ်ထဲကပါ၍ လုပ်ခဲ့ခြင်းမဟုတ်သောကြောင့် အနူးအညွှတ်တောင်းပန်ပါသည်ဟု ဖီးလစ်က ပြောသည်။ "Buddha Bar ဆိုတာနိုင်ငံခြားမှာလည်း နည်းနည်းပေါ်ပြူလာဖြစ်နေတဲ့ ပွဲလေးပါ။ သူ့ရဲ့စတိုင်လ်က ညနေမှာ သူငယ်ချင်းတွေနဲ့အေးအေးဆေးဆေးအပန်းဖြေလို့ရမယ်၊ ည ၉ နာရီလောက်ကျရင် ဒီဂျေလာမယ်။ အဲဒီအချိန်ကျရင်ကရင်လည်း ကလို့ရမယ်" ဟု ယင်းဆိုင်မန်နေဂျာက Budd−ha Bar အကြောင်းကိုရှင်းပြသည်။

V Gastro Bar ကို နိုဝင်ဘာ နောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘သူတစ်ပါးကိုးကွယ်တဲ့ ဘာသာသာသနာကိုစော်ကားဖို့ အကြံနဲ့ ဘာသာသာသနာ ညှိုးနွမ်းစေတာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က)နဲ့အရေးယူလို့ရတယ်။ထောင်ဒဏ် ၂ နှစ်အထိချလို့ရပြီး ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်တယ်။ မရည်ရွယ်ဘူး၊ ရည်ရွယ်တယ်ဆိုတာက ပြုလုပ်တဲ့သူ အပေါ်မှာ မူတည်တယ်။ ပြုလုပ်တဲ့သူက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူဆိုရင် မရည်ရွယ်ဘူးပြောလို့မရဘူး’’ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း) က ပြောသည်။

7 Day Daily

No comments:

Post a Comment