Friday, December 12, 2014

ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပသည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာအလှမယ် ဂျူးစံသာ Miss Tourism Asia ဆုရရှိ

ကမ္ဘာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ Tourism World Organization မှ စီစဉ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ဂျူးစံသာမှာ Miss Tourism Asia ဆုကို ရရှိသွားခဲ့ကြောင်း National Director အဖြစ် ဆောင်ရွက်ခဲ့သည့် Miss Golden Lan Myanmar Organization မှ ကိုဝေယံအောင်က The Voice သို့ ပြောကြားသည်။

“ဒီပြိုင်ပွဲက ကမ္ဘာ့ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက် နှစ်စဉ်ကျင်းပနေတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲရဲ့ အဓိကဆုဖြစ်တဲ့ Miss Tourism 2014 ဆုကိုတော့ ဂျပန်နိုင်ငံက အလှမယ်က ရသွားပါတယ်။ ဒီပြိုင်ပွဲမှာက ကမ္ဘာ့တိုက်ကြီး တစ်တိုက်စီကို ကိုယ်စားပြုတဲ့ အလှမယ်တွေကို ရွေးချယ်ပါတယ်။ ဥပမာ- အာရှရဲ့ အလှမယ်၊ အာဖရိကရဲ့ အလှမယ်၊ ဥရောပရဲ့ အလှမယ် ဆုတွေပေါ့။ ဂျူးစံသာ ရသွားတဲ့ ဆုကတော့ အာရှတိုက်ရဲ့ ကိုယ်စားပြု အလှမယ်ဆု ဖြစ်တဲ့ Miss Tourism Asia ဆုပါ” ဟု ယင်းသို့ ဆုရခြင်းနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် အလှမယ် ဂျူးစံသာကို ရွေးချယ်ခဲ့ပြီး နောက်တွင် ၎င်းတို့ Organization မှ အလှအပပိုင်းဆိုင်ရာများကို ဆောင်ရွက်ပေးခဲ့သလို ခရီးသွားလုပ်ငန်းနှင့် ဆိုင်သည့် ဗဟုသုတများကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ ဆုရရှိခဲ့သည့် အလှမယ် ဂျူးစံသာမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ယင်းနေ့တွင်ပင် ၎င်းကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို လေဆိပ်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဝေယံအောင်က ဆိုသည်။

အလှမယ် ဂျူးစံသာမှာ သြဂုတ်လ အတွင်းက အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် Miss Globe International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် အတွက် National Director ဒေါ်လှနုထွန်း၏ ရွေးချယ်မှုကို ခံခဲ့ရသော်လည်း ပြိုင်ပွဲမကျင်းပခင် ဇူလိုင်လ ၂၄ ရက်နေ့တွင်ပင် သရဖူ ပြန်လည် အသိမ်းခံခဲ့ရဖူးသည်။

The Voice Weekly

No comments:

Post a Comment