Tuesday, December 23, 2014

RCSS/SSA အဖွဲ့မှ နမ့်ထပိုကျေးရွာတွင် ညအချိန်မတော် ခြိမ်းခြောက် ငွေတောင်း ပစ္စည်းလုယက်မှု ကျူးလွန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်တိုက်နယ်၊ နမ့်ထပိုကျေးရွာအုပ်စု၊ နမ့်ထပိုကျေးရွာသို့ ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် သေနတ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဒေသခံရွာသားများအား သေနတ်ဖြင့်ချိန်၍ အတင်းအဓမ္မ ငွေတောင်း ပစ္စည်းလုယက်မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါရွာသားများထံမှ သတင်းရရှိပါသည်။
“ဒီအဖွဲ့တွေက ကျွန်တော်တို့ရွာကို ညအချိန်မတော် ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း သေနတ်နဲ့ချိန်ပြီး သူတို့လိုချင်တာတွေ ယူသွားတယ်။ ဓားမြတိုက်တာပဲပေါ့။ သူတို့တောင်းတဲ့ ဆက်ကြေးလည်း ကျွန်တော်တို့ ပုံမှန်ပေးနေတာပဲ။ အခုလို သေနတ်နဲ့ချိန်ပြီး ငွေတောင်း တာတော့ အရမ်းအနိုင်ကျင့်ရာ ရောက်နေပြီ ” ဟု အဆိုပါ ကျေးရွာသား တစ်ဦးက ပြောသည်။

မိုင်းပွန်တိုက်နယ်အတွင်းရှိ ကျေးရွာများသည် RCSS/SSA အဖွဲ့ကို နှစ်စဉ် ဆက်ကြေးငွေများ ပေးသွင်းနေရသည့် အပြင် သူတို့စိတ်မထင်ရင် မထင်သလို ယခုလို သေနတ်ထောက်ပြီး ပစ္စည်းလုယက်မှု များကြောင့် ဒေသခံများအနေဖြင့် စိတ်ပျက်နေကြကြောင်း သိရှိရပါသည်။
“သူတို့က သေနတ်ကိုယ်စီနဲ့ ကျွန်တော့်ကို ချိန်ထားတာ။ ပြီးတော့ သေတ္တာတွေ ရိုက်ဖွင့်ပြီး သူတို့လိုချင်တာ ရှာပြီး ယူသွားတယ်။ ကျွန်တော်စုထားတဲ့ ပိုက်ဆံတွေ ပါသွားတယ်” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးမှ ပြောသည်။
“ကျွန်တော်တို့က ရွာအစွန်ပိုင်းလောက်မှာ ဖြစ်နေတော့ ကျွန်တော်တို့ ဘက်ခြမ်းက အိမ်တွေ တော်တော်များများ ဓါးပြတိုက်ခံလိုက်ရတယ်။ တစ်ချို့အိမ်က ရွှေတွေ ပါသွားတယ်။ တစ်ချို့က ပိုက်ဆံတွေ ပါသွားတယ်။ ဆိုင်ကယ်တစ်စီးလည်း ပါသွားတယ်။ ဘယ်အိမ်က ဘယ်လောက်ပါသွား တယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မပြောရဲဘူး။ ထပ်ပြီး ရန်ရှာရင် ကျွန်တော်တို့ပဲ ခံရမှာ” ဟု ၎င်းဒေသခံရွာသား များက ပြောသည်။
RCSS/SSA အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထား သော်လည်း မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုများ ကျူးလွန်နေခြင်းသည် ဒေသခံရွာသားများ၏ ဘ၀လုံခြုံရေးကို ခြိမ်းခြောက် နေကြောင်း နှင့် အစိုးရအနေဖြင့် အဆိုပါ အဖွဲ့ကို ထိထိရောက်ရောက် အရေးယူပေး သင့်ကြောင်း မိုင်းပွန်မြို့ခံတစ်ဦးမှ ပြောကြားသွားသည်။
နန်းလောင်ခမ်း

Shan News

No comments:

Post a Comment