Friday, January 30, 2015

ဆရာမ နှစ်ဦးသေဆုံးမှု အမှုမှန်ဖော်ရေး သမ္မတက ပြည်ထဲရေးကို ညွှန်ကြားထား

ဆရာမ နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထဲရေး ၀န်ကြီးအား ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတက ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) သို့ အသိ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတထံ တရားဥပဒေစိုးမိုးမှုရှိလာရန်နှင့် တရား စီရင်ရေးမှ မှန်ကန်သည့် အမှုမှန် ဖော်ထုတ်ပေးရန် စာပေးပို့တောင်းဆိုခဲ့သည်။
ယင်းသို့တောင်းဆိုမှုကြောင့် သမ္မတက ပြည် ထဲရေးဝန်ကြီးဌာနအား ညွှန်ကြားထားသည့် အကြောင်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် KBC သို့ ၂၀၁၅ ဇန်န၀ါရီ ၂၈ ရက် ညနေတွင် ကချင်ပြည်နယ် အစိုးရရုံး၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘သမ္မတက ကျွန်တော်တို့ပို့ တဲ့ စာကိုသူရတယ်။ ပြီးတော့စာ ကိုလည်း အရေးယူဆောင်ရွက် သွားပေးမယ်ဆိုပြီးပြောတယ်လို့ ၀န်ကြီးချုပ်က ကျွန်တော်တို့ကို ပြန်ပြောပြတယ်’’ဟု ၀န်ကြီးချုပ် နှင့် တွေ့ဆုံခဲ့သူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ လူ ငယ်တာဝန်ခံဆရာ ယိန်းကရန်းဒ ကဆိုသည်။
ထို့နောက် ဆရာမနှစ်ဦး သတ်ခံရသည်မှာ တပ်ရင်းများ ရောက်ရှိနေချိန်ဖြစ်ပွားခဲ့သည့် အတွက် တပ်မတော်သားများကို လည်း ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရန် သမ္မတကပြော ကြားထားကြောင်း သတင်းရရှိ သည်။ ‘‘၀န်ကြီးချုပ်ကိုယ်တိုင် လည်း အရမ်းဝမ်းနည်းတယ်လို့ ပြောတယ်’’ဟု ဆရာယိန်းကရန်း ကဆိုသည်။
စေတနာ့ဝန်ထမ်း ကျောင်း ဆရာမ နှစ်ဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်၊ နမ့်တောင်းကျေးရွာ အုပ်စု၊ ကောင်းခါးကျေးရွာ၌ ၂၀၁၅ ဇန်န၀ါရီ ၂၀ ရက်ညက အဓမ္မပြု ကျင့်သတ်ဖြတ်ခံခဲ့ရသည်။
7Day Daily

No comments:

Post a Comment