Thursday, January 1, 2015

ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူ၏ အိမ်နှင့်ဆိုင်ကို ကမ္ဘောဇဘဏ် ကြေညာချက်ကပ်

မုံရွာမြို့တွင် ဟိုးလေးကျော်ကျော် ဖြစ်နေသော ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူဟု ဆိုသူ ပိုင်ဆိုင်သည့် အေးသာယာရပ်ကွက် အုန္နဲပင်လမ်းရှိ ချမ်းသာအောင် အိမ်ဆောက်ပစ္စည်းဆိုင် နှစ်ထပ်အဆောက်အအုံနှင့် မြေသည် ကမ္ဘောဇဘဏ်တွင် အပေါင်ထား၍ ချေးငွေယူထားသည့် အဆောက်အအုံ ဖြစ်ကြောင်း ယင်းဘဏ်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြေညာချက် လာကပ်သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောကြားသည်။



“တိုက်မဆောက်ခင်ကတည်းက အဲဒီမြေကိုရောင်းဖို့ လုပ်နေတာ။ သူတို့ အမျိုးတွေက ဂျပန်၊ အင်္ဂလန်နဲ့ အမေရိကားမှာ ရှိတယ်လို့တော့ ကြားတယ်၊ လိမ်သွားတယ်ဆိုတဲ့ လူက အီကိုနဲ့ ကျောင်းပြီးထားတာ၊ မြေမရောင်းဖြစ်ဘဲ အဆောက်အအုံဆောက်ပြီး ဘဏ်မှာ အပေါင်ထားတာ။ အဲဒီကနေစပြီး မက်လုံးပေးပြီး ချေး၊ ငှားတာတွေ စတော့တာပဲ” ဟု လိမ်လည်ခံခဲ့သူ အချို့နှင့် ရှင်းနှီးသူတစ်ဦးက ပြောကြားသည်။

ကျပ်သိန်းတစ်ထောင်ကျော်မှ ကျပ်သိန်းရာကျော်အထိ လိမ်လည်ခံရသူများသည် ဒီဇင်ဘလ ၃၁ ရက်နေ့အထိ ရဲစခန်းတွင် တိုင်ချက်များ ဖွင့်နေဆဲဖြစ်ကြောင်း၊ အိမ်ဆောက်ပစ္စည်းများ ရောင်းချပေးရန် ချထားပေးသူများကလည်း လာရောက်ဆက်သွယ်နေဆဲ ဖြစ်ကြောင်း မုံရွာမြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိများက ဆိုသည်။

“ဒီလထဲမှာမှ စချေးလိုက်တာ။ လူချင်းခင်နေတော့ အလွတ်အတိုးနဲ့ ချေးတာပေါ့။ ချေးလိုက်တဲ့ ငွေရင်းနဲ့ အတိုးအတွက် ချက်လက်မှတ်မှာ ရေးပေးတယ်။ ထုတ်ရမယ့်ရက် မတိုင်ခင် ထွက်ပြေးသွားပြီ ဆိုတာ သိလို့ လာတိုင်တာ” ဟု အေးသာယာ ရပ်ကွက်တွင် နေထိုင်ပြီး သိန်းပေါင်းထောင်ချီ လိမ်လည်ခံခဲ့ရသည့် မုံရွာမြိုခံ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ကျပ်သိန်းတစ်ရာ ချေးငှားလျှင် တစ်ပတ်အတွင်း ကျပ်ငါးသိန်း အတိုးရမည်ဟု ပြောဆိုသောကြောင့် ချေးငှားခဲ့ခြင်း ဖြစ်ကြောင်း၊ ဆုံးရှုံးခဲ့သူ အများစုထံတွင် ချက်လက်မှတ်များ ရှိသော်လည်း ဘဏ်အကောင့်တွင် ငွေမရှိတော့ဟု ၎င်းကဆိုသည်။

“ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မူဆယ်က ဘဏ်တစ်ခုမှာ ငွေထုတ်သွားသေးတယ် ဆိုတဲ့ အကြောင်း သိလိုက်တယ်။ အဲဒီနောက် သတင်းမရတော့ဘဲ တစ်မိသားစုလုံး ပျောက်သွားတာ” ဟု ငွေကျပ် သိန်း ၄၀၀ ခန့် လိမ်လည်ခံရသူ ကုန်သည်တစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ကတည်းက အိမ်အသုံးအဆောင်များနှင့် အဝတ်အထည်များကို ကားပေါ်တင်၍ ခြံထဲတွင် သွားရောက်နေထိုင်မည်ဟု ဆိုကာ ထွက်သွားခြင်း ဖြစ်ကြောင်း အေးသာယာ ရပ်ကွက်ရှိ ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသည်။

“အခုကိစ္စက ဘဏ်တွေကိုပါ ရိုက်ခတ်သွားတယ်။ အရင်က ဖုန်းဆက်ပြီး ဘယ်သူ့ကို ဘယ်လောက်လွှဲလိုက်ပါ ဆိုရင်ရတယ်။ ပြီးမှ ငွေသွားပေးလိုက်ရုံပဲ။ အခု အဲဒီလို မရတော့ဘူး။ ငွေလွှဲမယ်ဆိုရင် ပိုက်ဆံသွားပေးရတယ်၊ ဘဏ်တွေကလည်း ချက်ချင်းလာတောင်းတာတွေ ရှိနေပြီ။ သူလုပ်သွားတာက ဘဏ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီးမှ အချီကြီး လုပ်သွားတာ” ဟု မုံရွာမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိအချိန်ထိ ရဲစခန်းတွင် လာရောက်တိုင်ကြားသူ ခြောက်ဦးထိ ရှိနေပြီ ဖြစ်သော်လည်း လိမ်လည်ခံရသူများမှာ ဆယ်ဦးထက် မနည်းဖြစ်ကြောင်း၊ ယင်းစာရင်းတွင် မန္တလေးမြို့ခံများလည်း ပါဝင်ကြောင်း၊ အဆောက်အအုံပစ္စည်း ရောင်းဝယ်မှုအတွက် ငွေမရှင်းရသေးသည့် ကိစ္စရပ်များလည်း ရှိနေသေးကြောင်း လိမ်လည်ခံထားရသူများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment