Thursday, January 1, 2015

ပြန်ကြားရေး ဝန်ထမ်းသုံးဦးကို ငွေအလွဲသုံးစားပြုမှုဖြင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချ

နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတိုက်မှ ပြန်ကြားရေး ဝန်ထမ်းသုံးဦး ဖြစ်သည့် မန်နေဂျာနှင့် လက်ထောက်မန်နေဂျာ နှစ်ဦးတို့ကို သတင်းစာ၏ ကျပ်သိန်းသုံးထောင်နီးပါး အလွဲသုံးစားပြုမှုဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။
၂၀၀၈-၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်အတွင်း ငွေကျပ် ၂၈၈၆ သိန်း အလွဲသုံးစားပြုလုပ်မှုဖြင့် မြန်မာ့အလင်းသတင်းစာတိုက် စီမံရေးအပိုင်း မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းလတ်၊ လက်ထောက်မန်နေဂျာနှင့် ဖြန့်ချိရေးပိုင်း တာဝန်ခံ ဦးကျော်မင်းဦးနှင့် လက်ထောက်မန်နေဂျာနှင့် ငွေစာရင်းကိုင် ဦးဝင်းမြင့်တို့ သုံးဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာမှ တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ မြန်မာ့ အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီဖြစ်စဉ်က စီမံရေးအပိုင်းက တရားစွဲတာကြောင့် ပြဿနာဖြစ်ရပ်ကို ကျွန်တော်တို့ စာတည်းအဖွဲ့ဘက်ခြမ်းက သေချာမသိဘူး။ သတင်းစာတိုက်က ဝန်ထမ်းတွေ တရားစွဲဆိုခံရတာလောက်ပဲ သိတယ်” ဟု မြန်မာ့အလင်း သတင်းစာတိုက် စာတည်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ထောင်ဒဏ် နှစ်လေးဆယ် အမိန့်ချမှတ်ခံရသူများမှာ ပြစ်မှုကြီး အမှတ် ၇၇၊ ၇၈၊ ၇၉၊ ၈၀ တို့ဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် ၁၀ စီဖြင့် နှစ်လေးဆယ် အမိန့်ချခံရခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment