Tuesday, January 27, 2015

မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆ အရှေ့အာရှတွင် ဒုတိယအမြင့်ဆုံးဟု ကမ္ဘာ့ဘဏ်ဆို


မြန်မာနိုင်ငံ၏ မြို့ပြဧရိယာ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှဒေသတွင် အင်ဒိုနီးရှားနိုင်ငံ ပြီးပါက ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အသစ်ထုတ်ပြန်လိုက်သော မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် လူဦးရေ ၆၂၀၀ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၇၅၀၀ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှဒေသတွင် ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် East Asia’s Changing Urban Landscape: Measuring a Decade of Spatial Growth အစီရင်ခံစာတွင် ဖော်ပြထားသည်။



အဆိုပါ အစီရင်ခံစာကို အရှေ့အာရှဒေသဆိုင်ရာ နိုင်ငံများတွင် မြို့ပြဧရိယာသို့ ပြောင်းရွှေ့အခြေချလာသည့် ဆင်းရဲနွမ်းပါးသူများကို မြို့ပြဖြစ်ထွန်းမှုမှ အကျိုးရရှိရန် ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr. Axel van Trotsenburg က ပြောကြားသည်။

“အရှိန်အဟုန်နဲ့ ဖြစ်နေတဲ့ မြို့ပြဖြစ်ထွန်းမှုက အရှေ့အာရှအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။ အခြေအနေမှန်ကို မသိဘူးဆိုရင် စီမံခန့်ခွဲနိုင်ဖို့ ခက်ခဲလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ယင်းအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ မြို့ပြဧရိယာတွင် နေထိုင်သည့် လူဦးရေ သိပ်သည်းမှုမှာ မြင့်တက်လာသော်လည်း မြို့ပြဧရိယာ ချဲ့ထွင်မှုမှာမူ တစ်နှစ်လျှင် သုည ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ဒေသတွင်းနိုင်ငံများတွင် အနိမ့်ဆုံး တိုးတက်မှုနှုန်း ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန်မြို့တော်မှာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့ပြဧရိယာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထံမှ သိရသည်။

စီးပွားရေး ဖြစ်လွယ်မှုနှင့် အခြား အခြေခံအဆောက်အဦများမှာ ရန်ကုန်မြို့တော်တွင် အခြားမြို့များထက် ပိုမိုကောင်းမွန်သောကြောင့် လူဦးရေ လာရောက်စုစည်း၍ သိပ်သည်းခြင်း ဖြစ်ပြီး တဖြည်းဖြည်း လျှော့ချရန် လိုအပ်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောဆိုသည်။

လူဦးရေ သိပ်သည်းဆ မြင့်တက်မှုကို မလျှော့နိုင်ပါက အခြားသော သန့်ရှင်းရေးနှင့် ကျူးကျော်အိမ်ရာ ပြဿနာများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“အဲဒါက မြို့ပြစီမံကိန်းနဲ့လည်း ဆိုင်သလို တစ်ဖက်က တိုင်းပြည်ရဲ့ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စီးပွားရေး စီမံခန့်ခွဲမှုတွေနဲ့လည်း အများကြီးဆိုင်တယ်။ ရန်ကုန်မြို့ပေါ် တက်လာကြတာ အလကား တက်လာကြတာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော်၏ မြို့ပြဧရိယာ ချဲ့ထွင်မှုမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် သုညဒသမ ၅ ရာခိုင်နှုန်းဖြင့် တိုးလာပြီး နေထိုင်သည့် လူဦးရေ မြင့်တက်မှုမှာ တစ်နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။

မြို့ပြချဲ့ထွင်ရာတွင်လည်း ရန်ကုန်မြို့အတွင်း ရေကြောင်းခရီးနှင့် သွားလာနိုင်မည် ဆိုပါက ပိုကောင်းမွန်နိုင်ပြီး မြစ်တစ်ဖက်ခြမ်းရှိ ဒေသများ ဖွံ့ဖြိုးလာနိုင်ကြောင်း ဒေါက်တာအောင်ကိုကိုက အကြံပြုပြောဆိုသည်။

ယခုထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဒေသ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မြို့ပြဧရိယာတွင် ၂၀၀၀ ပြည့်နှစ်က လူဦးရေ ၄ သန်းကျော် ရှိရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၆ သန်းကျော်ထိ ပြောင်းရွှေ့အခြေချလာကြောင်း ဖော်ပြထားသည်။


The Voice Weekly

No comments:

Post a Comment