Thursday, January 29, 2015

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုချက်များရရှိရန် နည်းလမ်းနှစ်ခုစလုံး အသုံးပြုမည်

သပိတ်မှောက်ကျောင်းသားများက အမျိုးသားပညာရေးဥပဒေတွင် ၎င်းတို့၏ တောင်းဆိုချက် များရရှိရန် လေးပွင့်ဆိုင် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုရော တစ်ချိန်တည်းတွင် ခရီးရှည် ချီတက်သပိတ်မှောက်သည့် နည်းလမ်းကိုပါ ပြုလုပ်သွားမည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။

သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုယ်စားလှယ်နှစ် ဦးနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရန် အကြိုဆွေးနွေးမှုမှာ အ ဆင်ပြေပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သော်လည်း ခရီး ရှည်ချီတက်သပိတ်မှောက်မှုကို မလှန်သေးဘဲ ဆက်လက်ချီတက် ဆန္ဒပြမည်ဟု သပိတ်စစ်ကြောင်း မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအောင်နေပိုင်က ပြောသည်။



ကျောင်းသားကိုယ်စားလှယ်နှစ်ဦး လက်မှတ်ထိုးထားသော ပူးတွဲကြေညာချက်တွင် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့၌ သပိတ်စခန်း ရပ်နားသွားမည်ဟု ပါရှိသော်လည်း ၎င်းတို့တောင်းဆိုသည့် အချက် ၁၁ ချက်ကို အစိုးရက လိုက်လျောသည့်နေ့တွင်မှ ရုပ်သိမ်းပေးမည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။ ဆွေးနွေးမှု စတင်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် သပိတ်လှန်လိုက်ပြီး ဆွေးနွေးပွဲမှ ၎င်းတို့ တောင်းဆိုချက်များ မလိုက်လျောလျှင် ပြန်လည် သပိတ်မှောက်နိုင်ရေး အင်အားစု စည်းရန် ခက်ခဲနိုင်သည့်အတွက် လေးပွင့်ဆိုင်ဆွေးနွေးမှု ပြုလုပ်သကဲ့သို့ တောင်းဆိုချက်များ မရမီ ဆက်လက်ချီတက် ဆန္ဒပြမည်ဟု ၎င်းတို့က ပြောသည်။

သပိတ်မှောက် ကျောင်း သား များသည် ပညာရေးဥပဒေကို ကိုးရက်မြောက် ချီတက်ဆန္ဒပြ သော နေ့အဖြစ် တောင်သာမြို့ မုန်ပင်ကျောင်းတိုက်မှ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် စတင်ထွက်ခွာလာခဲ့သည်။

တောင်သာမြို့ဒေသခံများ သည် ပန်းစည်းများကိုင်ဆောင် ကာ ၎င်းတို့အား နှုတ်ဆက်၍ ၁၂ မိုင် ကွာဝေးသော ဝဲလောင်မြို့ အထိလိုက်ပါပို့ဆောင်ခဲ့ကြသည်။

‘‘တောင်သာသမိုင်း မရိုင်း အောင်လို့ လိုက်ပို့တာ’’ဟု တောင် သာဒေသခံ ကိုဝဏ္ဏကပြောသည်။

ဖြတ်သန်းရာ လမ်းခရီးတစ် လျှောက်ရှိ ဒေသခံ ပြည်သူများ က ဆန္ဒပြကျောင်းသားများအား နှုတ်ဆက်ချင်၍ စောင့်ဆိုင်းနေကြ သည်ကို တွေ့မြင်ခဲ့ရသည်။

၎င်းတို့၏ နှုတ်ဖျားတွင် ကျောင်းသားများ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျောင်းသားများ လိုရာဆန္ဒပြည့်ပါစေဟု အော် ဟစ်နှုတ်ဆက်ခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသား များသည် နေ့လယ် ၃နာရီခွဲတွင် ဝဲလောင်မြို့သို့ ရောက်ရှိခဲ့သည်။

ဒေသအာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၀၀ ခန့်က ဝဲလောင် မြို့အထွက် မြင်းစိုင်းတောင်ကြား တွင် ညနေ ၄နာရီ ၅၀ မိနစ်၌ လမ်း ပိတ်ဆို့ကာ စောင့်ဆိုင်းခဲ့သည်။ လုံခြုံရေးအင်အား ၂၀၀ခန့် အသုံးပြုထားပြီး မီးသတ်ကားနှစ်စီးလည်း ရပ်ထားသည်ကို တွေ့ရသည်။

ထိုနေရာသို့ သပိတ်မှောက် ကျောင်းသားအဖွဲ့မှရှေ့ပြေးကား တစ်စီး ရောက်ရှိလာရာ မြင်းခြံ မြို့မှ နိုင်ကျဉ်းဟောင်း ကိုကိုနိုင်ပါဝင်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ခေတ္တထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့သည်။

ည ၆ နာရီခွဲတွင် သပိတ်မှောက်ကျောင်းသားများသည် ပိတ်ဆို့ တားဆီးရာ နေရာသို့ ရောက်ရှိ လာခဲ့သည်။ မြင်းခြံခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးက သပိတ် မှောက်ကျောင်းသားများကို ချီ တက်ရာလမ်းကြောင်း ရုပ်သိမ်း ပေးရန် လာရောက်ညှိနှိုင်းပြီးကျောင်းသားများက လက်မခံဘဲ တားဆီးပိတ်ဆို့ထားမှုကို အတင်း ထိုးဖောက်ထွက်လာခဲ့သည်။

‘‘ခင်ဗျားတို့ကို ဘာမှမလုပ် ဘူး။ နေပြည်တော်မှာ နိုင်ငံတော် အဆင့် ဆွေးနွေးနေတဲ့အချိန်မှာ သပိတ်လမ်းကြောင်းကို ရုပ်သိမ်း ပေးဖို့ တောင်းဆိုတာပါ ’’ ဟု မြင်းခြံခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးက သပိတ်မှောက်ကျောင်း သားများအား တားဆီးခဲ့ရသည့် အကြောင်းကို ပြောသည်။

‘‘သဘောတူတွေ့ဆုံတာ တွေက အခြေခံပဲ ရှိသေးတယ်။ ဆွေးနွေးဆဲကာလမှာ ကျွန်တော် တို့ သပိတ်က ရုပ်သိမ်းမှာ မဟုတ်ဘူး။ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက ကျွန်တော်တို့လို ချင်တဲ့ အချက်တွေကို လိုက် လျောလိုက်မှသာ သပိတ်လမ်း ကြောင်းကို ရုပ်သိမ်းပေးမယ်’’ ဟု သပိတ်မှောက် ဆန္ဒပြရာတွင် ဦးဆောင်နေသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုရဲရင့်ကျော်က ပြောသည်။

ည ၈ နာရီတွင် ကျောင်းသားများသည် ပုပ္ပားသို့ ရောက်ရန် ညအချိန်ဖြစ်သွားသည့်အတွက် လမ်းမလျှောက်တော့ဘဲ ကားအစီး ၃၀ ဝန်းကျင်ဖြင့် ပုပ္ပားသို့ ချီတက်လာခဲ့သည်။ အဆိုပါကျောင်းသားများ သည် ပုပ္ပားမြို့ လွတ်လပ်ရေး ကျောက်တိုင်အနီးရှိ ပြည်အောင် စံ ကျောင်းတိုက်တွင် ညအိပ် ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်တွင် ကျောက်ပန်း တောင်းမြို့သို့ ဆက်လက်ချီတက် သွားမည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment