Monday, January 5, 2015

ပြည်သူများ မျှော်လင့်သည့် လွတ်လပ်ရေးဟုတ်ရဲ့လား

DASSK
ရန်ကုန် (မဇ္ဈိမ)။ ။ ယနေ့ မြန်မာနိုင်ငံတွင် ရရှိနေသည့် လွတ်လပ်ရေးသည် ပြည်သူများ မျှော်လင့်နေသည့် လွတ်လပ်ရေး ဟုတ်ရဲ့လား ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်း အနားတွင် မေးခွန်းထုတ် လိုက်သည်။ ဒေါ်အောင်ဆန်း စုကြည်က “လွတ်လပ်ရေးကတော့ ရသွားပါပြီ။ လွတ်လပ်ရေးရအောင်တော့ လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီလွတ်လပ်ရေးဟာ ပြည်သူတွေ မျှော်လင့် ခဲ့တဲ့ လွတ်လပ်ရေးမျိုး ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ စဉ်းစားရမယ်။ အဲ့သလို လွတ်လပ်ရေး မျိုး ဖြစ်အောင်လည်း ကျွန်မတို့ ၀ိုင်းပြီးလုပ်ရမယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။



လွတ်လပ်ရေးရပြီးသော်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက်များဖြစ်သော ဒီမိုကရေစီ ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု ၈၈ မျိုး ဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

“လွတ်လပ်ရေးရအောင် လုပ်ခဲ့သူ၊ ကြိုးပမ်းသူတွေကြောင့် ကျွန်တော်တို့နိုင်ငံက ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်ခဲ့တာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြောသည်။

လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ် ခုနစ်စု နီးပါးကြာမြင့်လာသည့်တိုင် ပြည်သူလူထုမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်၊ လုံခြုံအေးချမ်း စွာ နေထိုင်နိုင်ခွင်၊့ တိုင်းပြည်နှင့် လူမျိုးတို့ အကျိုးစီးပွားအတွက် တိုးတက် ကြီးပွားရေးအတွက် တွေးတောကြံဆလုပ်ကိုင်နိုင်ခွင့်များ ဆိတ်သုန်းလျက်ရှိနေသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့တို့ကလည်း ပူးတွဲကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လယ်ယာမြေသိမ်းဆည်းခံ ရမှုများ၊ အလုပ်သမားထု အခွင့်အရေးများ၊ ကျောင်းသားထု အခွင့် အရေးများစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ စားဝတ်နေရေး ပြဿနာများ၊ ပြည်တွင်း ငြိမ်းချမ်း ရေးအတွက် ပြဿနာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ တရားဥပဒေ စိုးမိုးရေး ပြဿ နာများ ရှိနေခြင်းသည်ပင် လွတ်လပ်ရေး၏အနှစ်သာရကို ကင်းမဲ့စေသည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှား သူများက ဝေဖန်ကြသည်။

နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်နှင့် ဆုံးရှုံးခံနေရမှုများအပေါ် တောင်းဆိုဆန္ဒ ဖော်ထုတ်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများအပြင် အသက်သေသည်အထိ အရေးယူနေမှုများ သည် ယနေ့ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအပေါ်တွင် ကြီးစွာသော အတားအဆီးများပင် ဖြစ်နေပေသည်။

“လွတ်လပ်ရေးရကာစကနေ ခုချိန်ထိ ပြည်တွင်းစစ်က မချုပ်ငြိမ်းသေးပါဘူး။ အခု နိုင်ငံမှာ တိုင်းရင်းသားတွေ ပြန်လည်သင့်မြတ်ဖို့ လုပ်နေတာတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသရွေ့ မဖြစ်နိုင်ပါဘူး” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုသက်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် ၆၇ နှစ်ရှိပြီဖြစ်သော်လည်း နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကျေနပ်ပါသည် ဆိုသည့်ပုဂ်္ဂိုလ်မှာ အင်မတန် နည်းလိမ့်မည်ဟု ထင်မြင်ယူဆကြောင်း၊ ယင်း ကဲ့သို့ ကျေနပ်မှုသည် နည်းပါးသင့်ပြီး လက်ရှိအခြေအနေပေါ် စိတ်ကျေနပ်နေပါက တိုးတက်မည်မဟုတ် ဘဲ ပိုမိုတိုးတက်အောင် ကြိုးစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်၊ မည်သူ တစ်ဦး တစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့ တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစား အပ်သော နိုင်ငံမဟုတ်” ဟု ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ကြေညာစာတမ်း အပိုဒ် (၅)တွင် ဖော်ပြထားသော်လည်း မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကွဲလွဲမှု များရှိနေသည်ကို သုံးသပ်နိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွတ်လပ်ရေး နှစ်ပတ်လည်နေ့ ကြေညာ စာတမ်းတွင် ဖော်ပြခဲ့သည့် “လူတစ်ယောက် တစ်ဖွဲ့က အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူအပေါင်းကို စိတ်အလိုရှိတိုင်း ဖိနှိပ် ချုပ်ချယ် ညှဉ်းပန်းနှိပ်စက်နိုင်တဲ့ နိုင်ငံဆိုတာ အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံဟု မပြောနိုင်ပါဘူး” ဟူ သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကောက်နုတ်ချက်စကားအရ သုံးသပ်ရလျှင် မြန်မာနိုင်ငံသည် ကိုလိုနီလက် အောက်ခံအဖြစ်ကသာ လွတ်မြောက်လာခြင်း ဖြစ်သည်။

၂၀၁၅နှင့် နိုင်ငံရေးယဉ်ကျေးမှုအသစ်

၂၀၁၅ သည် ပြုပြင်ပြောင်းလဲရေးလုပ်နေသည်ဆိုသည့် လက်ရှိအစိုးရအတွက် အမှန်တကယ်ပြုပြင် ပြောင်းလဲမှုရှိမရှိ စာမေးပွဲတစ်ရပ်ဖြစ်သကဲ့သို့ အတိုက်အခံ ပါတီများ၊ နိုင်ငံရေး အင်အားစုများအတွက်လည်း ဒီမိုကရေစီလမ်းကြောင်း ပီပြင်ရန် မည်မျှတိုက်တွန်းနိုင်မည်ကို လက်တွေ့ပြသရမည့် အချိန်လည်း ဖြစ်နေသည်။

မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်နေသရွေ့ အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီမှု ပေးနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကတိပြုပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကမူ စေ့စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင် ရှင်သန်လာသည့်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ယနေ့အထိလမ်းကြောင်း မှန်ပေါ်တွင် ဆက်လက်ရှင်သန်နေခြင်း ဖြစ်သည်ဟု ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ထည့်သွင်း ပြောကြားသွားသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်ရန် မြန်မာ့နိုင်ငံရေး အင်အားစုများ စုစည်းကြိုးပမ်းရမည်ဟုလည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ၏ ဦးစားပေးအချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င်၊ ထိလွယ် ရှလွယ် အတိမ်း အစောင်းမခံသောနိုင်ငံရေးဖိအား နှင့် စိန်ခေါ်မှုများအား အမျိုးသားရင်ကြားစေ့ရေးမူများအပေါ် အခြေခံပြီး တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းအဖြေရှာလျက် ပူးပေါင်းလုပ်ဆောင်ကာ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်ရေးကို ကြိုးပမ်းသွားမည် ဖြစ်သည်ဟုလည်း လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတွင် ထုတ်ဖော်ပြောဆို ထားသည်။

mizzima

No comments:

Post a Comment