Wednesday, January 7, 2015

အခြေခံမဲစာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာနိုင်မည်ဟုဆို

အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်ရက်ကို ကြေညာရန် ဇူလိုင်တွင် အခြေခံမဲစာရင်းပြုစုခြင်း ပြီးစီးမှုနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း ပြီးစီးသည့်အချိန်တွင် မူတည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

‘‘ဇူလိုင်မှာ အခြေခံမဲစာရင်း တွေ ပြုစုပြီးမလားဆိုတာ စောင့် ကြည့်နေပါတယ်။ ပြီးရင် မဲဆန္ဒ ရှင်ပညာပေးလုပ်ရပါဦးမယ်။ အဲ ဒီအဆင့်တွေပြီးမှပဲ ကျွန်တော်တို့ တရားဝင် ကြေညာနိုင်ပါ့မယ်။ ဒီတော့ အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းလို့ပဲ ပြောနိုင်ပါ မယ်’’ ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူးဦးသောင်းလှိုင်က ပြော သည်။



မီဒီယာအချို့ ပြောကြားနေသော နိုဝင်ဘာ ၈ ရက်ဆိုသည်မှာ မဟုတ်ဘဲ အမှန်တကယ် ကျင်းပမည့်ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆက်လက် ပြောကြားသည်။

အခြေခံမဲစာရင်းပြုစုခြင်း ကို ပြည်နယ်နှင့်တိုင်းအားလုံးတွင် စတင်လုပ်ဆောင်နေပြီဖြစ်သော် လည်း မြို့နယ်များအားလုံး၌တစ်ပြိုင်တည်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြည်နယ်/တိုင်းများ၏ မြို့နယ်/ခရိုင်တစ်ခုချင်းစီ လုပ် ဆောင်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲရက် ကြေညာ ခြင်း မရှိသကဲ့သို့ အမျိုးသားလွှတ် တော်အတွက် ရွေးကောက်ပွဲစနစ် ကိုလည်း မဆုံးဖြတ်ရသေးရာ ကိုယ်စားလှယ်လောင်းများ ကြိုတင်လျာထားရန် နိုင်ငံရေးပါတီများက အဆင်မပြေသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲရက် မကြေညာသေးခြင်းကြောင့် ရွေး ကောက်ပွဲအမှန်တကယ် ကျင်းပ၊မကျင်းပကိုလည်း မသိနိုင်သေး ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲဝင်မည်၊ မ၀င် မည်ကိုပင် ကြိုတင်မပြောကြား နိုင်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲကို ကျင်းပပေးမည် ဟု ပြောကြားထားသကဲ့သို့ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၅ တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်မှာ အစိုးရအတွက် ကျော်လွှားရမည့် စိန်ခေါ်မှု တစ်ခုဖြစ်သည်ဟု ဗိုလ်ရှုသဘင်အခမ်းအနား၌ ပြောကြားခဲ့သည်။

7Day Daily

No comments:

Post a Comment