Tuesday, January 13, 2015

ပေါက်ခေါင်းမြို့နယ်တွင် ထွန်တုံးတိုက် တောင်သူနှစ်ဦးကို ထောင်ဒဏ်အမိန့်ချ


pp
ပြည် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တရားရုံးက ထွန်တုံးတိုက် တောင်သူ နှစ်ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထောင်ဒဏ် နှစ်လစီ ဇန်န၀ါရီ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တောင်သူနှစ်ဦးဘက်က လိုက်ပါကူညီပေးသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။“နှစ်ယောက်စလုံးကို ထောင်နှစ်လစီ ချလိုက်တယ်ခင်ဗျ” ဟု ဟု အမိန့်ချစဉ် တရားရုံးတွင် ရှိနေသည့် ကိုဝင်းလှိုင်က ပြောသည်။


ပေါက်ခေါင်းမြိုကနယ် တရားရုံးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် ထွန်တုံးတိုက်ပွဲ ဦးဆောင်သူ ဦးခင်ဝင်းနှင့် ထယ်ငှားလိုက်သူ ဦးစိန်မြင့်အောင်တို့ကို တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက လက်ခံစစ်ဆေးနေပြီး ထောင်ဒဏ် နှစ်လ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ထွန်တုံးတိုက်ပွဲတွင် ပါဝင်သည့် ဦးခင်ဝင်း နှင့် ၅ဦး၊ ဦးထွန်းရီ နှင့် ၁၃ဦး၊ ဦးသက်ဇော် နှင့် ၁၂ဦး တို့ကို မြေစာရင်းအမည်ပေါက် ပိုင်ဆိုင်သူ ဦးအောင်စိုး၊ ဒေါ်အေးဝင်း၊ ကိုကျော်နိုင်တို့က ပိုင်နက်ကျူးလွန်မှုဖြင့် တရားဆွဲထားသေးသည်။ ထို့ပြင် လယ်ယာမြေ ပြန်ရရေး အတွက် ဆန္ဒပြသည့် ဦးစိန်မြင့်အောင် နှင့် ၃ဦးကိုလည်း စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

၁၉၉၇ ၊ ၂၀၀၄ ၊ ၂၀၀၆ ခုနှစ်များတွင် ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု လွှစင်ကုန်းကျေးရွာမှ ကွင်းအမှတ် ၈၄၄(A) ရှိ ယာမြေဧက ၁၀၀ခန့်ကို မြန်မာ့ကြံက သိမ်းယူခဲ့ပြီး ဦးပိုင်အစုရှယ်ယာပါ အင်ငါးဂွသကြားစက်က လုပ်ကိုင်လာရာမှ လုပ်ငန်းရပ်ဆိုင်းလိုက်သည့် အချိန်တွင် မူလယာသမားများအား ပြန်မပေးဘဲ အဆင့်ဆင့် လွှဲပြောင်းရောင်းချ မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရားဆွဲဆိုခံထားရသည့် တောင်သူများသည် ယာမြေအခွန်ဆောင် ပြေစာ အထာက်အထားများနှင့် ယာနီးနား ထောက်ခံချက်များ ရှိသော်လည်း ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီက မြေစာရင်း အမည်ပေါက်သူများကိုသာ အနိုင်ပေးထားကြောင်း ကိုဝင်းလှိုင်က ပြောသည်။

Mizzima

No comments:

Post a Comment