Tuesday, January 13, 2015

‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်ခံရ


ရန်ကုန် (မဇ္ဈိမ) ။ ။ Sky Net ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် အစီအစဉ် တစ်ခုတွင် ဟာသလူရွှင်တော် ပွမ်ပွမ်နှင့် ချစ်ချော တို့၏ ပြက်လုံးများသည် ထုတ်လွှင့်မှု ဖြတ်တောက်ခံလိုက်ရပြီး ‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်လိုက်ခြင်း ဖြစ် သည်။

ဇန်နဝါရီ ၁၁ရက်ညက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် (၄)နှစ်ပြည့် ရံပုံငွေဂီတဖျော်ဖြေပွဲတွင် 'မုသာဝါဒနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်' ဟု ဟာသလူရွှင်တော်နှစ်ဦးက ပျက်လုံးထုတ်သွားခဲ့ခြင်းဖြစ်သည်။


အဆိုပါ ရံပုံငွေဂီတပွဲကို အဆိုတော်များက ဂီတဖြင့်ဖျော်ဖြေခဲ့ကြပြီး ပုဂ္ဂလိက ရုပ်သံလိုင်းဖြစ်သည့် Sky Netက လည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။ သို့သော် ဟာသသလူရွှင်တော်နှစ်ဦးဖြစ်သည့် ချစ်ချောနှင့် ပွမ်ပွမ်တို့၏ ဖျော်ဖြေမှုကိုမူ တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် Sky Netက ဖြတ်တောက်သွားခဲ့သည်။

မိနစ်သုံးဆယ်နီးပါးအကြာ ဖျော်ဖြေသွားသည့် ပွမ်ပွမ်နှင့် ချစ်ချောတို့ နှစ်ဦးတွင် ပွမ်ပွမ်က ဘုရင်တစ်ဦး ၏ သရုပ်ဖြင့် ဖျော်ဖြေခဲ့ပြီး ချစ်ချောကမူ အမတ်တစ်ဦး၏ သဏ္ဍာန်ဖြင့် သရုပ်ဖော်ခဲ့သည်။

ဘုရင်အဖြစ် သရုပ်ဆောင်သည့် ပွမ်ပွမ်က နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်မူဝါဒကို သိလိုသည်ဟု မေးမြန်ခဲ့ရာ 'အရှင်မင်းကြီး တိုင်းပြည်က မုသာဝါဒနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်ပါ' ဟု အမတ်အဖြစ် သရုပ်ဆောင်သည့် ချစ်ချောက ပြက်လုံးထုတ်သွားခဲ့သည်။

ထို့ပြင် အစိုးရ၏ မိန့်ခွန်းများအား လှောင်ပြောင်ရာတွင်လည်း 'အရှင်မင်းကြီးတို့ပြောတဲ့မိန့်ခွန်းက ဘယ်သူသေသေ ငတေမာရင်ပြီးရော ဖြစ်နေလို့' ဟု ပြက်လုံးထုတ်ခဲ့သလို ပြည်သူများအနေဖြင့်လည်း 'အမတ်တွေ၊ ဝန်ကြီးတွေပြောတဲ့စကားကို ကြားပြီး တစ်နိုင်ငံလုံး အုံးအုံး..အုံးအုံးနဲ့ ရယ်နေကြပါပြီ' ဟု သရော်ခဲ့သည်။

အထက်ပါ ပြက်လုံးများသည် ကာတွန်းစာအုပ်တစ်ခုတွင် သရုပ်ဖော်ထားသည့် ပြက်လုံးများသာဖြစ်ပြီး အုပ်ချုပ်သူနှင့် ပြည်သူအကြား ကြားခံမီဒီယာတစ်ခု အနေဖြင့် ဖျော်ဖြေခဲ့ခြင်းဖြစ်သည်ဟု ပွမ်ပွမ်နှင့် ချစ်ချောတို့က မဇ္ဈိမကို ပြောသည်။

ပွမ်ပွမ်က 'အနုပညာသမားဆိုတာ အုပ်ချုပ်သူနဲ့ ပြည်သူကြားထဲမှာ ကြားခံမီဒီယာပေါ့။ ဒီပြက်လုံးလေးကို ကြည့်ပြီး အုပ်ချုပ်သူဘက်ကလည်း လျော့တာပြင်တာတွေ လုပ်သွားမယ်။ ပြည်သူတွေကလည်း စည်းကမ်းရှိရှိ နေသွားမယ်ဆိုရင် အရမ်းအဆင်ပြေနိုင်မှာပါ' ဟု မဇ္ဈိမကို ပြောသည်။

ဟာသလူရွှင်တော် ချစ်ချောကလည်း 'အဲဒီစာသားလေးတွေကို တစ်နိုင်ငံလုံးကို မြင်စေချင် ကြားစေချင်တာ။ ပြည်သူတွေကို အတွေးအခေါ်လွတ်လပ်တဲ့အသိတွေ၊ အမြင်တွေကို မြင်စေချင်တဲ့ စိတ်ဓါတ်နဲ့ပါ။ နိုင်ငံရေးကိုကလေးအစ သိနေတဲ့အတွက် ဒီပြက်လုံးတွေကို ရွေးချယ်ပြက်ခဲ့တာပါ' ဟု ဆိုသည်။

၎င်းတို့၏ ပြက်လုံးများအနက် 'ငါကိုယ်တော်မြတ်အကြောင်း တိုင်းသူပြည်သားတွေ ဘာပြောလဲဆိုတာ ငါကိုယ်တိုင်ရုပ်ဖျက်ပြီး စနည်းနာ ထွက်မယ်ကွဲ့' ဟု ဘုရင်အဖြစ် သရုပ်ဆောင်သည့် ပွမ်ပွမ်၏ ပြောဆိုချက်ကို 'အပင်ပန်းခံပြီး စနည်းနာထွက်စရာ မလိုပါဘူး ဘုရား။ ဖေ့စ်ဘွတ်ပေါ်တက်ကြည့်ရင် အကုန်လုံးသိပါလိမ့်မယ်' ဟု ချစ်ချောက ပြက်လုံးထုတ်သွားသည်။

အဆိုပါ ပြက်လုံးများ ထုတ်သည့် အချိန်တွင် Sky Net ရုပ်သံလိုင်းက ရုပ်သံလိုင်း ကြော်ငြာများကို ထုတ်လွှင့်ခဲ့ပြီး မိနစ် ၃၀ ခန့် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦး စင်ပေါ်က ဆင်းသွားသည့် အချိန်မှသာ တိုက်ရိုက် ထုတ်လွှင့်မှုများကို ဆက်လက် ထုတ်လွှင့်ခဲ့သည်။

Mizzima

No comments:

Post a Comment