Wednesday, January 7, 2015

အရေးပေါ် လူနာတင်ယာဉ် တိုက်မိ၍ နှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် (၇) ရပ်ကွက်၊ စနေမမှတ်တိုင် အနီးတွင် ဇန်နဝါရီလ ၅ရက် ည ၁၀နာရီ ၃၀ မိနစ်ခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော အဖြူရောင် သုခအလင်း အရေးပေါ် လူနာတင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို ဝင်တိုက်မိရာမှ နှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။



အဆိုပါ လူနာတင်ယာဉ်မှာ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း သမကုန်းအဝိုင်း ဘက်မှ အောင်ဇေယျ တံတားဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင် ဖြစ်ရာမှ ဘီးပေါက်နေသော အမှိုက်သိမ်းယာဉ်ကို ပြုပြင်နေသည့် စနေမတာယာဆိုင် လုပ်သားနှင့် စည်ပင်ဝန်ထမ်း တစ်ဦး တို့ကို ဝင်တိုက်ခဲ့ကြောင်း၊ ယင်းနောက် အမှိုက်သိမ်းယာဉ်ကို ထပ်မံဝင်ရောက် တိုက်မိခဲ့ရာ အရေးပေါ် လူနာတင် ယာဉ်မောင်းနှင့် စည်ပင်ဝန်ထမ်း အမျိုးသားတို့ သေဆုံးခဲ့ကြောင်း အမှတ် (၁၇) ယာဉ်ထိန်း တပ်ဖွဲ့စုထံမှ စုံစမ်းသိရှိရသည်။

“အမှိုက်သိမ်းယာဉ် ဘီးပေါက်လို့ စည်ပင်ဝန်ထမ်းနဲ့ တာယာဆိုင်က အလုပ်သမားတွေ ပြင်နေတုန်း ကားဝင်တိုက်တာ၊ စည်ပင်ဝန်ထမ်းကတော့ ကားနှစ်စီး ကြားညပ်ပြီး ဆုံးသွားတာ၊ လူနာတင် ယာဉ်မောင်းက စတီယာတိုင်ကြား ညပ်ပြီး ဆုံးသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ယာဉ် ထိန်းရဲ အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် ၂၇နှစ်အရွယ် ယာဉ်အကူ ကိုတင်မိုးနိုင်နှင့် ကားတာယာဆိုင်မှ အသက် ၁၅နှစ် မောင်ထွန်းထွန်းအောင် တို့မှာ ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ထားပြီး ဒဏ်ရာ အခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော အရေးပေါ် လူနာတင်ယာဉ်မောင်းကို ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment