Saturday, January 17, 2015

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်မှုအပေါ် မန္တလေးမြို့တွင် ရဟန်းရှင်လူ ၁၀၀၀ ခန့်က ဆန္ဒထုတ်ဖော်ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး ပြုလုပ်


သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ ဖြေရှင်း မပေးနိုင်မှုအပေါ် မန္တလေးမြို့တွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက အင်အား ၁ဝဝဝ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီ ကျော်က မဟာမုနိဘုရားကြီး တောင်ဘက်ရှိ အလယ်တိုက်ကျောင်းမှ စတင်ခဲ့ပြီး လှည့်လည်ဆန္ဒ ထုတ်ဖော်မှုအပြီးတွင် ဦးပွားဘုရား အနောက်ပေါက်ရှိ မြေကွက်လပ်၌ ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး)ပြုလုပ်ရာတွင် ကျောင်းသားကိုယ်စားပြု ကိုယ်စားလှယ်၊ တောင်သူလယ်သမား ကိုယ်စားပြု ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားပြု ကိုယ်စားလှယ်နှင့် နိုင်ငံရေးအင်အားစု ကိုယ်စားပြု ကိုယ်စားလှယ်များက တစ်ဦးချင်းစီ ဆွေးနွေးတင်ပြခဲ့ကြသည်။

“သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်းတစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် လယ်ယာမြေ သိမ်းဆည်းခံ ရမှုတွေ ပိုများလာတဲ့အတွက် တောင်သူလယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြလာကြတယ်။ အလုပ်သမားတွေ ခေါင်းပုံဖြတ်ဖိနှိပ် ခံရတဲ့အတွက် အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုဆန္ဒ ပြလာကြတယ်။ ကျောင်းသားတွေ လက်မခံနိုင်တဲ့ အမျိုးသား ပညာရေးဥပဒေနဲ့ ကျောင်းသားတွေကိုဖိနှိပ်ဖို့ လုပ်လာတာတွေ တွေ့ရတယ်။ အဲ့လိုပြဿနာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေကို ဖမ်းဆီးထောင်ချတာတွေ၊ အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာတာကိုပဲ မြင်တွေ့ရတဲ့အတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ပြီး လူထုအစည်းအဝေး ပြုလုပ်ရတာပါ” ဟု ဒေသဆိုင်ရာ လူထုအစည်းအဝေးပွဲ (မန္တလေး) ကျင်းပရေး ကော်မတီမှ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

ဒေသဆိုင်ရာ လူထုအစည်းအဝေးပွဲသို့ မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသားအင်အားစုများ၊ အလုပ်သမား အင်အားစုများနှင့် လယ်သမားအင်အားစုများတွင် စစ်ကိုင်းတိုင်း ဒေသကြီးရှိ လက်ပံတောင်း၊ ကန့်ဘလူ၊ ခင်ဦး၊ ရေ ဦး၊ တန့်ဆည်၊ ဗန်းမောက်တို့မှ ဒေသခံ တောင်သူများ၊ မန္တလေးတိုင်းရှိ ငါန်းဇွန်၊ မတ္တရာ၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မြစ်သား၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ပုသိမ်ကြီးမှ ဒေသခံတောင်သူများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများ တက်ရောက်တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူထုအစည်းအဝေးပွဲ၌ နယ်ပယ်အသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုအပေါ် မူတည်၍ ဒေသဆိုင်ရာ လူထုအစည်းအဝေးပွဲ (မန္တလေး)မှ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ လယ်သမားအရေး တောင်းဆိုချက်အဖြစ် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းသေဆုံးခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်တွင် ဦးသိန်းစိန်အစိုးရ၌ အပြည့်အဝ တာဝန်ရှိပြီး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့မှ ဒေသခံများ ကျေနပ်သည်အထိ တာဝန်ယူဖြေရှင်းပေးရေး အချက်အပါအဝင် အချက်ငါးချက်၊ အလုပ်သမားအရေး တောင်းဆိုချက်အဖြစ် အလုပ်လက်မဲ့ ပြဿနာများ ဖြေရှင်းပေးရေး အချက်အပါအဝင် အချက်သုံးချက်၊ ကျောင်းသားအရေး တောင်းဆိုချက်အဖြစ် တိုင်းပြည်၏ အနာဂတ်ရည်မှန်းချက်များကို ဖော်ဆောင်နိုင်သော ဒီမိုကရေစီ ပညာရေးရရှိရေး အပါအဝင် အချက်သုံးချက်နှင့် ရွှေဝါရောင် သံဃာတော်များ၏ တောင်းဆိုချက်အဖြစ် အချက်နှစ်ချက် တောင်းဆိုထုတ်ပြန်ခဲ့ပြီး ပြည်သူများ၏ သဘောဆန္ဒနှင့် အခက်အခဲများကို ဖော်ထုတ်နိုင်ရန် ဒေသဆိုင်ရာ လူထုအစည်းအဝေးပွဲများကို အခြားဒေသများ၌လည်း ဆက်လက်ကျင်းပ သွားကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment