Saturday, January 17, 2015

နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်း လိုက်နာသော တပ်မတော်ဖြစ်ရန် ဗြိတိန်ပြည်ထဲရေးဝန်ကြီး တိုက်တွန်း


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ လူအခွင့်အရေးစံနှုန်းကို လိုက်နာပြီး ပြည်သူလူထုကို လေးစားသော တပ်မတော် (Professional Army) ဖြစ်ရန် လိုအပ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗြိတိန်သံအမတ်ကြီး နေအိမ်တွင် ဗြိတိန်ပြည်ထဲရေး ဝန်ကြီး Rt.Hon. Lynne က တိုက်တွန်းပြောကြားသည်။


တပ်မတော်သားအချို့က အမျိုးသမီးများကို အဓမ္မကျင့်မှုများ ရှိနေခြင်းအပေါ် မလိုလားကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်များကို သင်တန်းပို့ချပေးနေပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“Professional တွေရဲ့ အပြုအမူဆိုတာ လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်။ လူ့ပတ်ဝန်းကျင် အသိုက်အဝန်းကို လေးစားတယ်” ဟု Rt. Hon. Lynne က ဆိုသည်။

ယင်းအပြင် အမျိုးသမီး အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရက ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးပြီး အကြမ်းဖက်ခံရသူများအတွက် ပြန်လည်ရှင်သန်ရေးအတွက် ပံ့ပိုးမှုများလည်း ပေးရန်နှင့် အစိုးရအဖွဲ့နှင့် လွှတ်တော်အသိုင်းအဝိုင်းက လူ့အခွင့်အရေး စံနှုန်းများအညီ ဥပဒေများ ရေးသားပြုစုကြရန် ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ်များကို နိုင်ငံတကာ ဥပဒေရေးရာ၊ လူ့အခွင့်အရေး စံနှုန်းများနှင့် အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီနှင့် တပ်မတော် ချိတ်ဆက်မှုများ အကြောင်း ပထမအကြိမ် သင်တန်းပို့ချနေပြီ ဖြစ်ကြောင်း၊ ယင်းသင်တန်းများတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပညာပေး သင်တန်းများပါ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr.Andrew Patrick က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး ဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲလျက် ရှိပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်း ၂၀၁၄ ခုနှစ်က ကြေညာခဲ့ပြီး ဖြစ်သည်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့နှင့်လည်း တွေ့ဆုံရန် လျာထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ စုံစမ်းသိရှိရသည်။

အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍကို အဓိက တာဝန်ယူသော Rt. Hon. Lynne သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင် အရပ်ဘက် အဖွဲ့အစည်းများမှ အမျိုးသမီး ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ အချို့နှင့် တွေ့ဆုံခဲ့သည်။

The Voice Weekly

No comments:

Post a Comment