Wednesday, January 21, 2015

အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များ ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့

ဗဟိုချုပ်ကိုင်မှု မြင့်မားနေသည်ဟုဆိုကာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ဦးဆောင် သပိတ်မှောက် ဆန့်ကျင် ကန့်ကွက်နေသော အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ အမျိုးသား ပညာရေးဥပဒေ ပြန်လည် ပြင်ဆင်ပေးရေး သဝဏ်လွှာကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ပေးပို့ခြင်း ဖြစ်သည်။



ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂများ ပူးပေါင်းပြီး မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေပါ အမျိုးသားပညာရေး ကော်မရှင် ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် တောင်းဆိုမှု ဖြစ်ပေါ်လာခြင်းကို အဓိကနှင့် သာမည ခွဲခြားစဉ်းစား သုံးသပ်ရမည် ဖြစ်ကြောင်း သဝဏ်လွှာအတွင်း ပါရှိသည်။

သဝဏ်လွှာအတွင်း အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှု တို့အတွက် လွတ်လပ်သည့် အဖွဲ့အစည်း တစ်ရပ်ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး ပညာရည် တိုးတက်ရေးအတွက် ပံ့ပိုးသော ကော်မရှင်၊ ကော်မတီတို့၏ တာဝန်အချို့ကို ပေးအပ်သည့် နည်းလမ်းကိုလည်း စဉ်းစားသင့်ကြောင်း တိုက်တွန်းထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ကိုမင်းသွေးသစ်က ယင်းသို့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခြင်းကို သိရှိသော်လည်း ရက်ပေါင်း ၆၀ အတွင်း အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားများ ပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ခြင်းကို ရပ်တန့်မည် မဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေးကို လုပ်ဆောင်မပေးသရွေ့ သပိတ်မှောက် တာကို ရပ်တန့်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးသား ပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ရှိ ပညာရေးနှင့် သက်ဆိုင်သည့် ကော်မတီများက သက်ဆိုင်ရာ ကန့်ကွက် ဆန္ဒထုတ်ဖော်သူများနှင့် တွေ့ဆုံပြီးနောက် ပြန်လည် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

“အမှန်တကယ်က ဆန္ဒထုတ်ဖော်သူတွေ အနေနဲ့ ဥပဒေ ရေးဆွဲတဲ့ လွှတ်တော်နဲ့ပဲ တွေ့ဆုံသင့်တာ၊ သူတို့က ဝန်ကြီးဌာနတွေကို တွေ့ဆုံဖို့ ကြိုးစားတာဟာ နည်းလမ်း မှားနေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးသား ပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်ရေး ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ် အမည် စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းသို့ ပညာရေး ဥပဒေကြမ်းပါ အချက်အလက်များကို ပြင်ဆင်နိုင်ရေးအတွက် ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုသော်လည်း ဆောင်ရွက်မှု မရှိသောကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂများ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စီတန်း လမ်းလျှောက်ပြီး သပိတ်မှောက် ဆန္ဒထုတ်ဖော် လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment