Tuesday, January 6, 2015

ဗိုလ်ရှုသဘင်အပြန် ရွှေစင်စင်္ကြာ စင်းလုံးငှား ယာဉ်တိုက်မှုဖြစ်၊ တစ်ဦးသေ ၁၁ ဦး ဆေးရုံရောက်

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် အဖွဲ့ လိုက်ပါလာသည့် စင်းလုံးငှား ရွှေစင်စင်္ကြာ မော်တော်ယာဉ်သည် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ်တွင် လမ်းပခုံးများ ပြုပြင်ဆောင်ရွက်နေသည့် ကရိန်းယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါဆေးရုံထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရှိသူများကို တံတားဦးမြို့နယ် ဆေးရုံကြီးသို့
ဆေးကုသနိုင်ရန် အမြန်ဆုံး ပို့ဆောင်ခဲ့ပြီး နံနက် ၁၁ နာရီတွင် ဒဏ်ရာရရှိသူ ၁၁ ဦးကို မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ရာ ယင်းဒဏ်ရာရှိသူများသည် ပြင်ပလူနာဌာနတွင်သာ ဆေး ကုသမှုခံရယူခဲ့ပြီး ဆေးရုံမှ ပြန်လည်ဆင်းသွားပြီ ဖြစ်ကြောင်း အဆိုပါဆေးရုံရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
နေပြည်တော်မှ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ပြီး နေရပ်သို့ ဇန်နဝါရီလ ၅ ရက်နေ့က ပြန်လည်ထွက်ခွာလာသည့် ရွှေစင်စင်္ကြာ မော်တော်ယာဉ်သည် နံနက် ၈ နာရီခန့်က မိုင်တိုင် ၃၃၂/၁-၀ အရောက်တွင် ယာဘက်မှ ကျော်တက်စဉ် ကရိန်းကားကို ဝင်ရောက်တိုက်မိရာမှ အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေစင်စင်္ကြာ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်မှာ ရှေ့ဦးခေါင်းပိုင်း ကြေမွပျက်စီးခဲ့ကာ ကရိန်းယာဉ် မှာလည်း တစ်စီးလုံး ကြွေမွပျက်စီးခဲ့သဖြင့် စုစုပေါင်း ကျပ်သိန်းတစ်ရာခန့် ဆုံးရှုံးခဲ့ကြောင်း ယင်းရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မဆင်မခြင် မောင်းနှင်သူ ရွှေစင်စင်္ကြာ ယာဉ်မောင်း (သေဆုံးသူကို) စကားအင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment