Tuesday, January 6, 2015

သံဃာတစ်ထောင်ကျော် ပါဝင်မည့် ရွှေကျင် သံဃာ့အစည်းအဝေး ဇန်နဝါရီလ ၂၇ ရက်စမည်

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ အသီးသီးတွင် သီတင်းသုံးနေသော ဂိုဏ်းဝင်သံဃာတော် စုစုပေါင်း အပါးတစ်ထောင်ကျော် ပါဝင်တက်ရောက်မည့် သာသနာတော်လုံးဆိုင်ရာ ရွှေကျင် သံဃာ့ အစည်းအဝေးကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ သုံးရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း အစည်းအဝေး ဦးဆောင်ဆရာတော်များထံမှ သိရသည်။

မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပမည့် အဆိုပါ သံဃာ့ အစည်းအဝေးကြီးကို နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တအဂ္ဃိယ ဦးဆောင်၍ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျမေကာ၊ မလေးရှား၊ သီရိလင်္ကာနှင့် ထိုင်း စသည့် ပြည်ပနိုင်ငံ အသီးသီးတွင် သီတင်းသုံးနေသော ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ တက်ရောက်မည် ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

ယင်းသုံးရက်ကြာ အစည်းအဝေးတွင် ရွှေကျင်သာသနာ သမိုင်းကြောင်းနှင့် သာသနာတော်ဆိုင်ရာ စာတမ်းများကို ပြည်တွင်းပြည်ပနိုင်ငံ အသီးသီးမှ သံဃာတော်များက ဖတ်ကြားတင်သွင်းမည် ဖြစ်ပြီး သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်၊ ယောဆရာတော်၊ ဓမ္မဒူတအရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ရဝေနွယ်) စသည့် ဆရာတော်များ ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း အစည်းအဝေးအကြို ပြင်ဆင်မှုများအရ သိရသည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ မလေးရှားနှင့် တောင်ကိုရီးယားတို့ အပါအဝင် ပြည်ပနိုင်ငံ အချို့ရှိ သီတဂူ၊ ချမ်းမြေ့ရိပ်သာ၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၊ ဓမ္မဒူတ စသည့် သာသနာပြု ကျောင်းတိုက်များမှာ ရွှေကျင်ဂိုဏ်း အဖွဲ့အစည်းဝင်များ ဖြစ်သည်။

မြန်မာနိုင်ငံရှိ သံဃာ့ဂိုဏ်းကြီး ကိုးခုမှ ရဟန်းသံဃာ ခြောက်သိန်းဝန်းကျင် ရှိရာတွင် ရွှေကျင်ဂိုဏ်းဝင် သံဃာတော်ဦးရေမှာ ငါးသောင်းကျော်ခန့် ရှိပြီး ဗုဒ္ဓစာပေတွင် အမြင့်ဆုံးဖြစ်သော တိပိဋက စာမေးပွဲ အောင်မြင်၍ တိပိဋကဘွဲ့ ရရှိသည့် သံဃာတော် ၁၂ ပါးမှ ထက်ဝက်မှာ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ ဖြစ်သည်။

ယခုကျင်းပမည့် သာသနာတော်လုံးဆိုင်ရာ ရွှေကျင် သံဃာ့ အစည်းအဝေးမှာ (၁၉) ကြိမ်မြောက် ဖြစ်ပြီး (၁၈) ကြိမ်မြောက် ရွှေကျင် သံဃာ့ အစည်းအဝေးကိုလည်း ၂၀၁၂ ခုနှစ်အတွင်း အဆိုပါ ကျောင်းတိုက် ၌ပင် ကျင်းပခဲ့သည်။

The Voice Weekly

No comments:

Post a Comment