Tuesday, January 20, 2015

မိမိအိမ်ထောင်ဖက်ကို ရှာတွေ့ပြီဟု သက်သေပြသော အချက် (၉)ချက်


အမျိုးသားတွေလည်း သူတို့ကိုယ်သူတို့ အသက်ကစကားပြောလာတာကို သတိထားကြပါတယ်။ အထူးသဖြင့် သူတို့သဘောကျရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တဲ့အခါ သူတို့တွေ ရင့်ကျက်ဖို့လိုလာပြီ၊ မိသားစုတစ်ခုတည်ဆောက်ဖို့ လိုလာပြီဆိုတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာကြပါတယ်။ ပြဿနာက လက်တွဲကြမယ့် ချစ်သူနှစ်ယောက်က  လိုက်ဖက်ညီရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒါကိုသိရဖို့အတွက် ထည့်စဉ်းစားရမယ့် အချက်လေးတွေကို စာရင်းပြုစုပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ ကိုယ့်ချစ်သူက ကောင်းတဲ့အချက်တွေနဲ့ ကိုက်ညီတာများနေရင်တော့ သူ့ဟာ ကိုယ့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ချေများပါတယ်။ 

၁။ဟာသဥာဏ်ရွှင်ခြင်း

ဘဝတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ မရှိမဖြစ်လိုအပ်ချက်တွေထဲမှာ ဟာသဥာဏ်ရွှင်ခြင်းက ထိပ်ဆုံး (၁၀)ချက်မှာ ပါဝင်နေတယ်။ ဒါပေမယ့် မသင့်တော်တဲ့ အချိန်အခါမှာ တစ်ယောက်ယောက်ကို နောက်ပြောင်မိရင်တော့ မထင်မှတ်တဲ့အမှားမျိုးလေး ဖြစ်သွားနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို ထိခိုက်စေမယ့် စနောက်ခြင်းမျိုးကို ရှောင်ကြဉ်တတ်မှ ပြဿနာကင်းတာပါ။ ကိုယ့်ချစ်သူမှာ ရှိသင့်တဲ့ ဟာသဥာဏ်ရွှင်ခြင်းက သဘောထားကြီးပြီး ဘဝကိုအကောင်းမြင်တတ်တဲ့ စိတ်ထားမျိုးပါ။ ဒီလိုစိတ်ထားမျိုးက ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ပြီး အခက်အခဲတွေကိုလည်း လွယ်ကူစွာ ကျော်ဖြတ်နိုင်စေပါတယ်။
၂။ကိုယ့်ချစ်သူ အမြင်ကို ထည့်စဉ်းစားပေးခြင်း

ချစ်သူရည်းစားထားတဲ့အခါ ကိုယ့်ထင်မြင်ချက်ကို လေးလေးစားစား နားထောင်ပေးတဲ့ ချစ်သူ၊ ကိုယ်ပြောခဲ့တာလေးတွေ မှတ်ထားပြီး လက်တွေ့လုပ်ပြတဲ့ချစ်သူ၊ စာနာ နားလည် ဂရုစိုက်ပေးတဲ့ချစ်သူ ဆိုတဲ့ ချစ်သူသုံးမျိုးထဲက တစ်ယောက်ယောက်ကို ရှာပါ။ ဒါမှလည်း ကိုယ်နဲ့လက်တွဲဖို့ အဆင်ပြေမှာပေါ့။ ရေရှည်မှာ လက်တွဲကြတဲ့အခါ အမြဲတမ်း ပြောဆိုဆက်ဆံကြရမှာဖြစ်တယ်။ ဒါကြောင့် စကားပြောကောင်းတဲ့ချစ်သူ၊ ကိုယ်နဲ့လည်း စိတ်ပါလက်ပါ စကားပြောချင်တဲ့ ချစ်သူမျိုးကို ရှာပါ။ အကြောင်းအရာအမျိုးမျိုးကို စိတ်ဝင်တစားဆွေးနွေးနိုင်တဲ့ ချစ်သူမျိုးပေါ့။ ကိုယ်ပြောတဲ့အကြောင်းအရာက သူမရင်းနှီးရင်တောင် စိတ်ဝင်စားမှုပြသနိုင်တဲ့ ချစ်သူမျိုးကို ရှာပါ။

၃။ကိုယ်ပိုင် ထင်မြင်ချက်ရှိခြင်း

ပေါင်းသင်းဆက်ဆံတတ်တဲ့လူတွေက တစ်ဖက်သားစကားကို နားထောင်ပေးနိုင်ရုံသာမက ထင်မြင်ချက်တွေပါ ပြန်ပေးတတ်ပါတယ်။ ကိုယ့်အမြင်ကို ပယ်ချဖို့ ဝန်မလေးဘဲ အမြင်သစ်တွေပါ ပြောပြနိုင်တဲ့ ချစ်သူမျိုးပါ။

၎။နှစ်ယောက်တူတူ ပြဿနာအဖြေရှာနိုင်ခြင်း

မကြာသေးမှီက ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ချင်တယ်ဆိုရင် အရေးအကြီးဆုံးအချက်တစ်ချက်က စုံတွဲတွေ နှစ်ယောက်တူတူ ပြဿနာတွေ ဘယ်လိုကောင်းမွန်စွာ ဖြေရှင်းနိုင်ကြလဲဆိုတာအပေါ် မူတည်ပါတယ်တဲ့။ ချစ်သူဘဝမှာ သဘောထားကွဲလွဲတာလေးတွေ ရှိခဲ့ရင် ဒီအရာကို အခွင့်အလမ်းတစ်ခုအနေနဲ့ ကြိုဆိုလိုက်ပါ။ ပြီးတော့ ဒီပြဿနာကို နှစ်ယောက်တူတူ ဘယ်လိုဖြေရှင်းကြလဲဆိုတာ စောင့်ကြည့်ပါ။ သဘောထားကွဲလွဲမှုကို အငြင်းမပွားကြပဲ ပြေပြေလည်လည် ညှိနှိုင်းနိုင်တယ်ဆိုရင်၊ တစ်ယောက်ဖြေရှင်းချက်ကို တစ်ယောက်က နားထောင်ပေးနိုင်တယ်ဆိုရင် ဒီ relationship က အောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။

၅။ကိုယ့်ချစ်သူကို အမှန်အတိုင်းလက်ခံနိုင်ခြင်း

ချစ်သူနှစ်ဦးကြားမှာ နှစ်ယောက်စလုံးက ထူးခြားမှုလေးတွေနဲ့ ကိုယ်ပိုင်ဟန်လေးတွေရှိကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် မတူညီတဲ့အချက်လေးတွေကို လက်ခံနိုင်ဖို့လိုပါတယ်။ မတူညီတဲ့ အမြင်ရှိခဲ့ရင်တောင် သဘောမတူတဲ့အရာကို သဘောတူနိုင်ရပါတယ်။ relationship ထဲမှာ လုံခြုံစိတ်ချပြီး သက်တောင့်သက်သာ ဖြစ်နေနိုင်တာက နှစ်ယောက်စလုံးမှာ ရှိတဲ့ တူညီတဲ့အချက်တွေကြောင့်ပါ။ မတူညီတဲ့အချက်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ သံယောဇဉ်ကြီးထွားလာတာတွေအတွက် ကူညီပေးပါတယ်။ ဝါသနာမတူတာ၊ အမြင်မတူတာ၊ ခံယူချက်မတူတာ၊ အိုင်ဒီယာမတူတာတွေက နှစ်ယောက်သားကြားမှာ သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာလေးတွေ ပြည့်နေစေပါတယ်။ မတူညီတဲ့ ကိုယ့်ကို ကိုယ့်ချစ်သူက လက်ခံနိုင်တယ်ဆိုရင် ရေရှည်လက်တွဲတဲ့အခါ စိတ်ဝင်စားစရာလေးတွေ ဖြစ်လာစေနိုင်ပါတယ်။

၆။ပွင့်ပွင့်လင်းလင်းရှိခြင်း

ရည်းစားထားကြတယ်ဆိုတာက တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်အောင် နေကြတာပါပဲ။ အရာရာကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားတာက ပြောဆိုဆက်ဆံရေးကို ရင်းနှီးလာစေပါတယ်။ မပြောချင်တဲ့အရာကို သိဖို့ကြိုးစားနေတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။

၇။သူ့ဘဝမှာ အလုပ်၊ မိတ်ဆွေ၊ မိသားစုနဲ့ စိတ်ဝင်စားစရာတွေရှိခြင်း

စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ ချစ်သူက ကိုယ့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဘဝဆိုတာ တခါတရံမှာ အနားယူမယ့်အချိန်လေးတွေ၊ တရားအေးအေးဆေးဆေး ထိုင်မယ့် အချိန်လေးတွေလိုအပ်ပါတယ်။ အဲဒီလိုပဲ အလုပ်ကောင်းကောင်းတစ်ခု၊ ဝါသနာပါရာတစ်ခုခု (အားကစား လိုက်စားတာမျိုးပေါ့)၊ လူမှုရေးဝန်ဆောင်မှုလေးတွေ နဲ့ မိသားစု၊ မိတ်ဆွေတွေလည်း လိုအပ်ပါတယ်။ ဒီလိုဘဝမျိုးပိုင်ဆိုင်ထားတဲ့ ချစ်သူကမှ ကိုယ့်ကိုအားဖြည့်ပေးနိုင်ပြီး အရာရာနဲ့ လိုက်လျောညီထွေရှိအောင် နေနိုင်မှာ ဖြစ်ပါတယ်။

၈။တင်းတိမ်ရောင့်ရဲတတ်ခြင်း၊ နှိမ့်ချတတ်ခြင်းနဲ့ အတ္တမာနတွေက ညီမျှနေခြင်း

ကိုယ့်ချစ်သူမှာ မျှတတဲ့စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်လားဆိုတာ လေ့လာကြည့်ပါ။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို ရှုထောင်းအမျိုးမျိုးက မြင်နိုင်ရဲ့လား၊ သူ့ချို့ယွင်းချက်တွေကို ဝန်ခံနိုင်ရဲ့လား၊ မကျေမနပ်ဖြစ်တာတွေအပေါ် ကျော်လွှားနိုင်ရဲ့လားဆိုတာတွေကို ကြည့်ပါ။ သူကဒီအချက်တွေနဲ့ ပြည့်စုံနေရင် သူ့မှာ မျှတတဲ့ စိတ်သဘောထားပိုင်ဆိုင်ပါတယ်။ ကိုယ့်နဲ့တူတူ ဘဝအနိမ့်အမြင့်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

၉။ခံစားချက်ပိုင်းဆိုင်ရာ ရင့်ကျက်ခြင်း

ကလေးတစ်ယောက်လို ပျော်တတ်နောက်တတ်ပေမယ့် လူကြီးတစ်ယောက်လို ရင့်ကျက်ဖို့လည်း လိုပါတယ်။ တာဝန်ယူတတ်တယ်၊ ကိုယ့်ကိုယ်ကိုစီမံနိုင်တယ်၊ စိတ်ပိုင်းဆိုင်ရာ အားဖြည့်ပေးနိုင်တယ်၊ ထိန်းထိန်းသိမ်းသိမ်းရှိပြီး ထောက်ခံအားပေးတတ်တဲ့ ချစ်သူမျိုးက ပြည့်ဝတဲ့ ချစ်သူမျိုးပါ။ ကိုယ့်ဘဝမှာ အောင်မြင်တာတွေ၊ ကျရှုံးတာတွေ၊ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ ဘာတွေပဲကြုံလာခဲ့ ကြုံလာခဲ့ ကိုယ့်ဘေးမှာ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ချစ်သူမျိုးဖြစ်ပါတယ်။

လေးစားဖို့ကောင်းတဲ့ ချစ်သူမျိုးက ကိုယ့်ကိုလည်း သူပြန်လေ့လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အိမ်ထောင်ဖက်မျိုးကို လိုချင်တယ်ဆိုရင် ကိုယ်ကလည်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်မျိုးဖြစ်အောင် နေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Gandawin 

No comments:

Post a Comment