Thursday, January 29, 2015

အစိုးရ ၀န်ထမ်းများ ပွင့်လင်းမြင်သာမှု မရှိဟု သမ္မတ အကြံပေး ဝေဖန်

အစိုးရ ၀န်ထမ်းများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်နှင့် ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စီးပွာရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်က ယမန်နေ့က မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု စနစ် အပေါ် ဆွေးနွေးပွဲတွင် ဝေဖန် ပြောကြား ခဲ့သည်။
ပွင့်လင်းမှုရှိ ရမယ်။ ရိုးသားတဲ့ သူဆို ပွင့်လင်းတယ်။ မပွင့်လင်းတာ မရိုးသား လို့ပဲ။ ရှင်းနေတာ ပဲလေ။ အရင်က မပွင့်လင်း ခဲ့ရင် အခု ပွင့်လင်း ကြပါ။ သမ္မတကြီး ကလည်း ရိုးသားမှုနဲ့ပဲ နိုင်ငံတော်သစ်ဆီ သွားချင် တာပါ။ ပြီးတော့ ကတိတွေလည်း လွယ်လွယ် မပေးကြ ပါနဲ့။ လူကြီးတွေ ပေါ့။ ကိုယ်တတ်နိုင် တာထက် ပိုပြီး ကတိ မပေးပါနဲ့။ တတ်နိုင် တာထက် လျော့ပြီးပဲ ကတိပေး။ လုပ်တော့မှ ပြောတာထက် ပိုလုပ်ပြ ကြပါ။ ဒါမှ ပြည်သူ ယုံမယ် ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
အစိုးရ ၀န်ထမ်းများ အနေဖြင့် နိုင်ငံ့ ၀န်ထမ်း၊ ပြည်သူ့ ၀န်ထမ်း အဖြစ် ခံယူပြီး ကိုယ်တတ်နိုင်သည့် ဘက်မှ အကောင်းဆုံး လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ပြီး၊ တာဝန်ပေးမှ လုပ်ကိုင် ဆောင်ရွက်ခြင်းထက် အမိန့် မရခင် အချိန် မကျခင် ကတည်းက ကြိုတင် ဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတ အကြံပေး ဖြစ်သူက တိုက်တွန်းခဲ့သည်။

လိုအပ်ချက်တွေ ရှိတယ်ဆိုတာ ၀န်ခံပါတယ်။ ကျွန်တော်တို့မှာ သစ်ပင်ခုတ် ဖို့ပဲ လုပ်နေရတာ။ ခုတ်တဲ့ ပုဆိန်ကို သွေးဖို့ အချိန် မရှိဘူး။ သင်တန်း လေးတွေ ပေးဖို့ လိုအပ်မယ် ထင်ပါတယ်။ နေပြည်တော်ဆို အမှန်အတိုင်း ပြောရင် ကျွန်တော်တို့ ၀န်ထမ်းတွေ သိပ်မသွားချင်ကြ ပါဘူး။ အဲဒီမှာ သက်ဆိုင်တဲ့ သင်တန်းတွေ ဖွင့်ပေးတာတို့၊တက်ရောက်ခိုင်းတာမျိုးတို့ လုပ်ပေးရင် ပိုအဆင်ပြေမယ် ထင်ပါတယ်ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် လာသူ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
အစိုးရ ၀န်ထမ်းများ ပွင့်လင်း မြင်သာမှုရှိရန် အတွက် လိုအပ်သလို ပုဂ္ဂလိက ၀န်ထမ်းများ အားလုံးသည်လည်း ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံသစ်ကြီး တစ်နိုင်ငံဆီသို့ သွားရန် အတွက် တစ်ဦး တစ်ယောက် ကောင်းဖြင့် ချီတက် မရနိုင်ဘဲ အားလုံး ပေါင်းစည်း မှသာ ချီတက် နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ပြောကြား ခဲ့သည်။

Messenger News Journal

No comments:

Post a Comment