Monday, January 19, 2015

ရန်ကုန်မြို့တော်၌ လမ်းပေါ် အရက်ထိုင်သောက်သူများကို အရေးယူမည်ဟုဆို


ရန်ကုန်မြို့တော်ရှိ ပလက်ဖောင်းပေါ်နှင့် တံတားပေါ်များ၌ ညဥ့်နက်ချိန် အုပ်စုဖွဲ့ကာ အရက်ထိုင်သောက်နေသူ အချို့က ခိုက်ရန်ဖြစ်ပွားမှုနှင့် ခိုးမှု၊ လုယက်မှုများ ကျူးလွန်လာမှုများကြောင့် ဆိုကာ လမ်းပေါ် အရက်ထိုင်သောက်သူများကို ဖမ်းဆီးထိန်းသိမ်း အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။


“ပြီးခဲ့တဲ့ တစ်ပတ်က မဟာဗန္ဓုလတံတား အဆင်းနားမှာ ကားမှန်ရိုက်ခွဲပြီး ကားထဲက ပစ္စည်းတွေ ခိုးယူခဲ့တဲ့ အဖွဲ့ကို ဖမ်းမိတယ်။ စစ်ဆေးလိုက်တဲ့အခါမှာ တံတားပေါ်မှာ ညဥ့်နက်ချိန်အထိ အရက်ထိုင်သောက်ရာက မူးလာတော့ နိုက်ကလပ် သွားချင်တာ ပိုက်ဆံမရှိတာနဲ့ ဖောက်ထွင်းမှုအထိ ကျူးလွန်ခဲ့တယ်။ ခုနောက်ပိုင်းမှာ ဒီလိုအမှုတွေ များလာတာကြောင့် ညဥ့်နက်ချိန်မှာ လမ်းပေါ် အရက်ထိုင် သောက်သူတွေကို စစ်ဆေးလို့ ခိုင်လုံတဲ့ ဖြေရှင်းချက် မပေးနိုင်ရင် အရေးယူသွားမယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တွင်းမြို့နယ်များတွင် ညနေပိုင်းမှ စတင်ကာ ညဥ့်နက်ချိန်အထိ လမ်းဘေးပလက်ဖောင်းပေါ်၌ အစားအသောက် ရောင်းချသော ဈေးဆိုင်အချို့မှာ ခွင့်ပြုချက်လိုင်စင် မရှိဘဲ အရက်ဘီယာများ ရောင်းချမှုများ ရှိကြောင်း၊ လူငယ်အများစုမှာ အရက်သေစာ သောက်စားရာမှ မူးယစ်ရမ်းကားမှု၊ အုပ်စုဖွဲ့ ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် မှုခင်းကျဆင်းရေးအတွက် လမ်းပေါ် အရက်သောက်သူများကို ရဲအရေးပိုင်သော ဥပဒေများဖြင့် ထိန်းသိမ်းအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“လမ်းဘေးဆိုင်တွေ မဖွင့်ဖို့ကို စည်ပင်က အရေးယူရမှာပါ။ ဒီဆိုင်တွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုပြီး အရက်ဘီယာ ထိုင်သောက်တယ် ဆိုပေမယ့် ခရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဈေးဆိုင်ဖမ်းဆီးရေးက ရဲအရေးမပိုင်ပေမယ့် အရက်သမား မူးယစ်ရမ်းကားနေတာကို ရဲက ဖမ်းခွင့်ရှိတယ်။ ဒါကြောင့် လမ်းပေါ် အုပ်စုဖွဲ့ အရက်ထိုင်သောက်နေရင် တာဝန်အရ မေးမြန်းစစ်ဆေးမယ်။ မသင်္ကာတာတွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လူအများ အပန်းဖြေ လာရောက်လေ့ ရှိသော ကမာကြည်တံတား၊ မဟာဗန္ဓုလတံတား၊ ဗိုလ်တထောင်ကမ်းနား၊ အင်းလျားကန်ပေါင်နှင့် ကန်တော်ကြီးပတ်လမ်း တစ်လျှောက် အပါအဝင် ရန်ကုန်မြို့လယ်ကောင် ပလက်ဖောင်းများပေါ်၌ နေ့စဉ် ညဥ့်နက်ချိန်အထိ အုပ်စုဖွဲ့ အရက်သောက်စားမှုများ တွေ့ရှိရကြောင်း၊ အရက်သောက်စားသူ အများစုမှာ အရက်မူးရာမှ အော်ဟစ်ဆူညံစွာ ပြောဆိုမှုများကြောင့် ယင်းအနီး နေထိုင်သူများက စိတ်အနှောင့်အယှက် ဖြစ်ရပြီး နေထိုင်မှုဘဝ လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရကြောင်းကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံ တိုင်ကြားမှုများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment