Thursday, January 29, 2015

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများအနက် နှစ်ဦးကို ရွှေဘိုတွင် ဖမ်းမိ

မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင် ဖောက်ပြေးသူ ၈ ဦးအနက် ၂ ဦးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်ခန့်က ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ ရရှိသော သတင်းအရ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာမှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး တင့်လှိုင်က ပြောကြားသည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ သတင်းအရ ပိတ်ဆို့ရှာဖွေမှုများကို ပြုလုပ်နေပြီး ယခုနှစ်ဦးကို စစ်တပ်ဘက်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“စစ်တပ်ဘက်မှာပဲ ချုပ်ထားပါတယ်။ ဘယ်တပ်ကလဲ ဆိုတာတော့ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းကဆိုသည်။



မန္တလေးမြို့ နန်းတွင်းရှိ စစ်အကျဉ်းထောင်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၂ နာရီနှင့် ၃ နာရီ အတွင်းက အကျဉ်းသားရှစ်ဦးသည် အကျဉ်းထောင်စောင့် တပ်ကြပ်ကြီးတစ်ဦးကို ဓား၊ ကတ်ကြေးတို့ဖြင့် အနည်းဆုံး အချက် ၃၀ ခန့် ထိုးနှက်ခဲ့သဖြင့် အဆိုပါ တပ်ကြပ်ကြီး သေဆုံးခဲ့ပြီး ၎င်းတို့မှာ အကျဉ်းထောင်မှ ကျူးရေကူးဖြတ်ကာ မြောက်ပြင်ဘက်ရှိ ၈၇x၁၁ လမ်းအတိုင်း ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

“အမှုဖွင့်ထားခြင်းမရှိပါဘူး၊ အမှုဖွင့်ထားတယ် ဆိုရင်လည်း တပ်မတော်သား ဖြစ်တဲ့အတွက် စစ်တပ်ကို ပြန်လွှဲပေးရတယ်၊ ဒါကြောင့် မဖွင့်တော့တာပါ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

မန္တလေးမြို့တော် နန်းတွင်း အမှတ် (၁) အကျဉ်းထောင်ဖောက် ထွက်ပြေးနေသော ရှစ်ဦးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းစုံစမ်းမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးမြို့တော် နန်းတွင်းရှိ အမှတ် ၁ စစ်အကျဉ်းထောင်တွင် ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်အစောပိုင်းက အထက်ပါ ထောင်ဖောက် ထွက်ပြေးဖြစ်ပွားခဲ့ရာ အဆိုပါ စစ်အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်သူ တပ်ကြပ်ကြီးတစ်ဦး သေဆုံးကာ တပ်မတော် အကျဉ်းသား ခြောက်ဦး ဝန်းကျင်ခန့် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment