Monday, January 12, 2015

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူ အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးတို့ကို ပြန်တရားစွဲမည်

မန္တလေး (မဇ္ဈိမ)။ ။ လက်ပံတောင်အရေးနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းခြင်း မရှိသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ကို ဖြုတ်ချရန် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့် ထားသည့်အတွက် ဆန္ဒပြသူက အမှုဖွင့်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးကို ဥပဒေကို လုပ်ပိုင်ခွင့်ထက် ကျော်လွန် အသုံးပြုသည်ဟုဆိုကာ တရားပြန်စွဲသွားမည် ဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးက မဇ္ဈိမကို ပြောသည်။ဇန်နဝါရီလ ၈ ရက်က တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးကို ဇန်န၀ါရီ ၉ ရက် ညနေပိုင်းတွင် ခွင့်မပြုသည့် လမ်းကြောင်းများ၌ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် စစ်ကိုင်း မြို့မ စခန်းမှူး ဒု-ရဲမှူး သိင်္ခဝင်းက တရားလိုပြု၍ (ပ)၂၃/၂၀၁၅ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။



“ဥပဒေဘက်တော်သားတွေကိုယ်တိုင် ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ။ ကျွန်တော် ဆန္ဒပြနေတုန်းက မတားဘူး။ မပြောဘူး။ သူတို့မှာ အဆင့်ဆင့် တားလို့ရတယ်။ အဲဒီလို တားတာကို မလိုက်နာဘူး ဆိုရင်တော့ အရေးယူလို့ရတယ်။ အခုဟာက အဲဒီလို မဟုတ်ဘဲ ဥပဒေကို လုပ်ပိုင်ခွင့်ထက် ပိုပြီး လုပ်နေတာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

ဦးသန်းထိုက်ဦးက အမှုဖွင့်ထားသည့် ဒု-ရဲမှူး အပါအဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒု-ရဲမှူး သိင်္ခဝင်းက “ခွင့်ပြုမိန့်တော့ တင်တယ်။ ခွင့်ပြုမိန့်လည်း ချပေးတယ်။ ဒါပေမဲ့ ခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း မသွားလို့ အမှုဖွင့် အရေးယူတာပါ” ဟု ပြောသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း၊ အမှန်တရားအတွက် ရင်ဆိုင်သွားမည်ဖြစ်ပြီး အဆိုပါကိစ္စကို သမ္မတအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးကို အမှန်တရားဖော် ထုတ်ပေးရန် တင်ပြသွား မည်ဟု ဦးသန်းထိုက်ဦးက ဆိုသည်။

၎င်းက “နိုင်ငံသား တစ်ယောက်က ဥပဒေကို လေးစားလိုက်နာပြီး ဘောင်ထဲ က လုပ်တယ်။ သူတို့က ဥပဒေကို ချိုးဖောက်တယ်။ ဒါဟာ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒါကိုလည်း နိုင်ငံတကာက သိအောင် လုပ်သွားမယ်” ဟု ပြောသည်။

စစ်ကိုင်းမြို့ရှိ ဒီမိုကရေစီအရေးတက် ကြွလှုပ်ရှားသူများက ထိုသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့်သည့် လုပ်ရပ်သည် အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တိုက်ရိုက်ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်ဟုလည်း ဝေဖန်ပြောကြားကြသည်။

စစ်ကိုင်းမြို့တွင် ပုဒ်မ ၁၉ ဖြင့် အရေးယူခံရခြင်းသည် ပထမဆုံးဖြစ်ပြီး တက်ကြွလှုပ်ရှားသူများက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ဥပဒေ ချိုးဖောက်နေ မှုများကို တရားဝင်ဆန္ဒဖော်ထုတ်သွားရန် စီစဉ်သွားမည်ဟုလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များက ဆိုကြသည်။

Mizzima

No comments:

Post a Comment