Saturday, January 3, 2015

ရခိုင်တွင် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု ပြန်လည်စတင်

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဇန်နဝါရီလမှ စတင်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်မှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုများကို ဇန်နဝါရီလမှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ခြောက်လတစ်ကြိမ်နှုန်းဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့ကို ဘဂါင်္လီလူမျိုးလို့ ဆိုပြီး နိုင်ငံသားစိစစ်ပေးပါဆိုပြီး နိုင်ငံသား စိစစ်ပေးပါလို့ လျှောက်ထားခဲ့ရင် လျှောက်လွှာတွေကို လက်ခံပြီး စိစစ်ပေးမယ်။ ရိုဟင်ဂျာလို့ဆိုရင် လက်မခံဘူး” ဟု ဦးခင်စိုးက ဆိုသည်။
နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စတင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြို့နယ် လ.ဝ.က ဦးစီးမှူး၊ ခရိုင် လ.ဝ.က ဦးစီးမှူးများကို နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်ခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို သင်တန်းပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
လ.ဝ.က အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များ၊ ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်အဖွဲ့များက ကိုယ်စားလှယ်များ ပါဝင်သည့် မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေး အဖွဲ့များကိုလည်း နိုင်ငံသားစိစစ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဘင်္ဂါလီဒုက္ခသည် စခန်းများတွင် သက်ဆိုင်ရာ မြို့နယ် လ.ဝ.က ဦးစီးမှူးများက သွားရောက်ရှင်းလင်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးတွင် လျှောက်ထားရန် ဒုက္ခသည်စခန်းများ၏ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးထားပြီ ဖြစ်ပြီး လျှောက်ထားလိုသူများသည့် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း ဦးခင်စိုးက ဆိုသည်။

ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်ကာ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်သည် ဘင်္ဂါလီ တစ်ထောင်ကျော်ကို နိုင်ငံသားစိစစ်ခဲ့သည့် အနက် ဘင်္ဂါလီ ၄၀ ဦး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၆၉ ဦးကို နိုင်ငံသားပြုခွင့် ရသူများအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့သည်။
ယင်းသို့ အသိအမှတ်ပြု ခံရသူများအနက် အချို့မှာ အထောက်အထား မပြည့်စုံသူများ ပါဝင်ခဲ့သည်ဟု ဆိုကာ ယင်းအစီအစဉ်ကို မြေပုံဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment