Saturday, January 3, 2015

နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်

ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
ယခင်က နိုင်ငံခြား ပညာတော်သင်များ မြန်မာနိုင်ငံသို့ ပြန်လာရန် ပျက်ကွက်လျှင် ကာယကံရှင် သို့မဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးက လျော်ကြေးအဖြစ် ကျပ်သိန်းငါးဆယ် ပေးလျော်ပါမည်ဟူသော ကတိခံဝန်ချက်ကို ပညာသင်များ ပြည်ပမသွားရောက်မီ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ ယင်းသို့ လက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“Bond ထိုးစရာ မလိုတော့ဘူး။ အဲဒီတော့ ပြန်မလာရင် သိန်းငါးဆယ် လျော်စရာမလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သီးခြားစည်းကမ်း သတ်မှတ်ချက်တွေ ရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။
သို့သော် အဆိုပါစနစ်ကို ပယ်ဖျက်ခြင်းမှာ ၂၀၁၅ ခုနှစ်အတွက် စမ်းသပ်ကာလအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ပညာတော်သင် သွားရောက် နေသူများမှာမူ လျော်ကြေးစနစ်တွင် အကျုံးဝင်နေဆဲ ဖြစ်ကြောင်း၊ စမ်းသပ်ကာလ ပြီးမြောက်ပါက ပြန်လည် စိစစ် သုံးသပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာနထံမှ သိရသည်။
အဆိုပါ လျော်ကြေးစနစ်ကို ၂၀၀၂ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အစိုးရက နိုင်ငံခြား ပညာတော်သင် ၂၈၅၁ ဦးကို ပြည်ပနိုင်ငံ ၄၉ နိုင်ငံသို့ ပညာသင် စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
အစိုးရ ဝန်ကြီးဌာန အချို့နှင့် မြန်မာ့တပ်မတော်က စစ်ဘက်ဆိုင်ရာနှင့် အခြားဘာသာရပ်များအတွက် ရုရှားနိုင်ငံသို့ ပညာတော်သင်များ နှစ်စဉ် စေလွှတ်လေ့ရှိပြီး တပ်မတော် အရာရှိအချို့ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံမှုများ ပေါ်ပေါက်ခဲ့ဖူးသည်။

The Voice Weekly

No comments:

Post a Comment