Friday, January 2, 2015

အပစ်အခတ် မရပ်ထားတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ကို ဗိုလ်ရှုသဘင် တက်ဖို့ သမ္မတဖိတ်

အပစ်အခတ် ရပ်စဲထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KIO /KIA အဖွဲ့နဲ့ တအာင်း လွတ်မြောက်ရေးတပ် TNLA တို့ကို ဗိုလ်ရှု သဘင် အခမ်းအနားတက်ဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး အတွက် လမ်းဖွင့်ပေးတာလား။
၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ဖို့ မူလက တရားဝင် ဖိတ်ကြားထားခြင်း မရှိတဲ့ KIO /KIA အဖွဲ့နဲ့ TNLA တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော်အတွင်း ဗိုလ်ရှုသဘင် အခမ်းအနားကို ပထမဆုံး အကြိမ် ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ တတိယအပတ် အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခု အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၁၄ဖွဲ့ ကိုပဲ ဖိတ်ကြား ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတာ မရှိသေးတဲ့ အတွက် နိုင်ငံတော် သမ္မတကြီးက တရားဝင် ဖိတ်ကြားသည့်တိုင် တက်ဖို့ မတက်ဖို့ကိစ္စကို အသေအချာ မပြောနိုင်သေးဘူးလို့ တအာင်း လွတ်မြောက်ရေး တပ် TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လှက ပြောပါတယ်။
နိုင်ငံတော် သမ္မတက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ရှေး ရှုပြီး ကေအိုင်အေ အဖွဲ့ နဲ့ တအာင်းအဖွဲ့တွေကို ဗိုလ်ရှုသဘင် အခမ်းအနားသို့ ဖိတ်ကြားတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးတာလို့ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ကရက်က ဦးစီစီနော်ဂျာက ပြောပါတယ်။
ပြည်ထောင်စု သွေးစည်းညီညွတ်ရေးမှာ တိုင်းရင်းသားအားလုံးကို ပါဝင်စေချင်တဲ့ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားမှုကို ကြိုဆိုတယ်လို့ သူက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားအဖွဲ့( NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၊ KNU /KNLA ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ၊ (ALP)၊ ရှမ်းပြည်နယ် ပြန်ထည် ထူထောင်ရေးကောင်စီ (RCSS / SSA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP /SSA) တို့နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေး ထိုး ခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment