Wednesday, January 14, 2015

လူကုန်ကူးခံရမှု အများဆုံးမြို့နယ်၌ မန္တလေး ခုနစ်မြို့နယ် ပါဝင်


တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသည့် အမျိုးသမီးများ က မန္တလေးမြို့သို့ ပြန်လည် ဝင်ရောက်ကာ လူကုန်ကူးမှု ကျူးလွန်သည့် ဖြစ်ရပ်များ ပိုမိုဖြစ်ပွား လာပြီး မြန်မာနိုင်ငံ အတွင်း လူကုန်ကူး ခံရမှု အများဆုံး မြို့နယ်များ၌ မန္တလေး မြို့ပေါ်ရှိ မြို့နယ် ခုနစ်မြို့နယ် ပါဝင်လျက် ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (မန္တလေး)မှ သိရသည်။


တရုတ်နိုင်ငံတွင် ရောင်းစား ခံရပြီးနောက် ဝူဟုမြို့နယ် အန်ဟွေ့ မြို့နယ်တွင် နေထိုင်လျက် ရှိသည့် မြန်မာအမျိုးသမီး များက မန္တလေး မြို့သို့ လာရောက်၍ လူကုန်ကူးရန် ကြိုးစားရာတွင် ဖော်ထုတ်ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်အတွင်းက မြန်မာနိုင်ငံရှိ မြို့နယ် ၃၃ဝ အနက် ၁၁၉ မြို့နယ်တွင် လူကုန်ကူး ခံရမှု ဖြစ်ပွားခဲ့ရာ လူကုန်ကူး ခံရမှု အများဆုံး မြို့နယ် ၄၂ မြို့ နယ်၌ မန္တလေးခရိုင် အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ နှင့် ပုသိမ်ကြီး မြို့နယ်တို့ ပါဝင်နေကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (မန္တလေး)မှ တာဝန်ရှိ ရဲမှူး တစ်ဦးက ပြောပြသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု လမ်းကြောင်း ပေါ်တွင် အဓိကကျရောက် နေသည့် မြို့ ဖြစ်သောကြောင့် အဝေးပြေး ကားဂိတ်များတွင် သတင်းပေးသူများ ထားရှိကာ စောင့်ကြည့် စစ်ဆေးမှုများကို
ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၄ ခုနှစ် အတွင်းက မန္တလေးတိုင်း ဒေသကြီး အတွင်း ဖော်ထုတ်နိုင် ခဲ့သော လူကုန်ကူးမှု ဖြစ်စဉ်များမှ တရားခံ ၂၇ ဦးကို ဖမ်းဆီးနိုင် ခဲ့ရာ လူကုန်ကူး ခံရမည့် အန္တရာယ်မှ အမျိုးသမီး ဦးရေ ၃ဝ ကျော်ကို ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

ကြေးမုံသတင်းစာ

No comments:

Post a Comment