Wednesday, January 14, 2015

MPT ဝန်ဆောင်ခ လျှော့ချမှုတွင် ၇၃၊ ၄၉ ဖုန်းများ မပါဝင်သဖြင့် CDMA ဖုန်း အသုံးပြုသူများ ဝေဖန်


MPT-SIM-3
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်းတို့၏ ဝန်ဆောင်ခကို လျှော့ချရန် ဆွေသဟာ အစီအစဉ်ကို ဇန်န၀ါရီ ၉ ရက် က စတင်မိတ်ဆက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို အသုံးပြုနိုင်မည့် ဖုန်းများတွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများ မပါဝင်သဖြင့် အဆိုပါဖုန်း အသုံးပြုသူများက ဝေဖန်ကြသည်။မြန်မာ့ ဆက်သွယ်ရေးက ဝန်ဆောင်ခများ လျှော့ချသည့် အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ကြေညာခဲ့ပြီး၇၃၊ ၄၉ နှင့် စသည့် CDMA ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများက ဝေဖန်မှုများ ရှိနေခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT) က ၀န်ဆောင်ခ လျှော့ချမည့်အစီအစဉ်တွင် CDMA 800 MHz နှင့်450 MHz ဖုန်းများ မပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

Mr. Nagashima က “MPT က ပေးမယ့် ဆွေသဟာအစီအစဉ်မှာ CDMA ဖုန်းတွေ မပါဝင်ဘူး။ကျွန်တော် တို့အနေနဲ့ CDMA စနစ်ကို ၀န်ဆောင်မှုပေးဖို့ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အချိန်တစ်ခု လိုပါတယ်” ဟု ပြောကြားခဲ့သည်။

CDMA ကွန်ရက်သည် နည်းပညာအရ ဆက်သွယ်ရေးတာဝါများ စိုက်ထူရန် ခက်ခဲသည့်ဒေသများ၌ ကွန် ရက်လွှမ်းခြုံနိုင်ရန် အကောင်းဆုံး နည်းပညာဖြစ်သော်လည်း နိုင်ငံတကာတွင် အသုံးပြုမှုနည်းသည့် နည်း ပညာ ဖြစ်သည်ဟု ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောသည်။

၎င်းက “CDMA က တာဝါတစ်တိုင် စိုက်ထူလိုက်ရင် နေရာအကျယ်ကြီးကို ကွန်ရက်လွှမ်းခြုံနိုင်တဲ့အတွက် တာဝါတိုင်ထူဖို့ ခက်ခဲတဲ့ဒေသတွေမှာ ပိုပြီး အသုံးဝင်ပါတယ်” ဟု သုံးသပ်သည်။

၇၃၊ ၄၉ စသည့်နံပါတ်များနှင့် စသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချထားပေးသည့် CDMA 800 နှင့် CDMA 450 ဖုန်းများသည် မြန်မာ့ဆက်သွယ်ရေးသို့ ကျပ်ငါးသိန်း ပေးသွင်းကာ အသုံးပြုခွင့် ရရှိထားခြင်း ဖြစ်ပြီး ယခုကဲ့သို့ WCDMA နှင့် GSM ဖုန်းများကိုသာ ၀န်ဆောင်ခလျှော့ချမှုတွင် ထည့်သွင်း စဉ်းစားခြင်း သည် နယ်မြို့များရှိ အသုံးပြုသူများကို လျစ်လျူရှုခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းမှCDMA 450 ဖုန်းအသုံး ပြုသူ ကိုထက်အောင်ကျော်က ၎င်း၏အမြင် ကို ဖွင့်ဟပြောဆို လိုက်သည်။

၎င်းက “မြန်မာနိုင်ငံမှာ ကျေးလက်နေ လူထုက ၇၀ ရာခိုင်နှုန်း ရှိတယ်။ ဒါကို နယ်တွေမှာ အများဆုံးအသုံး ပြုနေတဲ့ CDMA ဖုန်းတွေကို ဈေးလျှော့ပေးတဲ့ အစီအစဉ်မှာ ထည့်မပေးဘူးဆိုတာ တမင်ခွဲခြားလိုက်တာ ပဲ။ အခုအချိန်မှာ ကျပ် ၁,၅၀၀ နဲ့ ဖုန်းတွေ ထွက်လာတာတောင်CDMA 450 ဖုန်းတွေက ကျပ်တစ်သိန်းခွဲ လောက်အထိ ပြင်ပပေါက်ဈေး ရှိပါတယ်” ဟု ဆိုသည်။

နယ်မြို့များတွင် GSM နှင့် WCDMA ကွန်ရက်ဝန်ဆောင်မှု လိုအပ်ချက်များရှိခြင်းကြောင့် အသုံးပြုမှုအတွက် အဆင်ပြေသည့် CDMA 450 ဖုန်းများကိုသာ ရွေးချယ်အသုံးပြုနေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိCDMA 450 ဖုန်း အသုံးပြုသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ CDMA 800 MHz ဖုန်းအသုံးပြုသူ တစ်ဦးကလည်း “၇၃ ဖုန်းကိုင်ထားတဲ့သူအနေနဲ့ လုံးဝ မကျေနပ်ပါဘူး။ ဘယ်ပရိုမိုးရှင်းဖြစ်ဖြစ် ၇၃ ဖုန်းတွေ အတွက် မပါဘူး။ သူတို့ရောင်းပေးထားတာ ဆိုတော့ သူတို့မှာ တာဝန်ရှိတဲ့အတွက် လုပ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။

CDMA ကွန်ရက်သုံး ဖုန်းများကို မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ကလည်း ၃၀၊ ၃၁ နံပါတ်များနှင့် စသည့်ဖုန်းများကို ၀န်ဆောင်မှုပေးနေပြီး ယင်းတို့၏ ဖုန်းခေါ်ဆိုခနှင့် ၀န်ဆောင်မှုများကို ပရိုမိုးရှင်းများ ပြု လုပ်ပြီး လျှော့ချပေးနေသည်။

Mizzima

1 comment:

  1. MPT..ကိုစိတ်နာလို့...telenor...ပဲသုံးတော့တယ်...စီးပွားရေးသိပ်ဆန်တဲ့MPT..၅၀၀၀၀၀..ငါးသိန်းကြီးများတောင်ပေးထားရတာ...၁၅၀၀..လောက်ကိုဦးစားမပေးဘူးဗျာအဲဒီတော့ချောင်ထိုးထားလိုက်တော့တယ်မသုံးတော့ဘူးMPTရေ.....

    ReplyDelete