Friday, January 23, 2015

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက်တွင် ၀ယ်ယူခဲ့သော တင်ဒါဈေးနှုန်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်က ယူရို ခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ၀ယ်ယူခဲ့သော ပုံနှိပ်စက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဈေးနှုန်းအတိအကျ

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက်တွင် ဝယ်ယူခဲ့သော တင်ဒါဈေးနှုန်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်တွင် ယူရိုခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ဝယ်ယူခဲ့သည့် ပုံနှိပ်စက်နှင့်ပတ်သက်၍ ဈေးနှုန်းအတိအကျ မသိရှိကြောင်း တရားလို ဦးကျော်စိုးက ဇန်နဝါရီ ၂၂ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံး ရုံးချိန်း ပြန်လှန်စစ်မေးရာ၌ ထည့်သွင်းဖြေကြားခဲ့သည်။ ၂ဝဝ၉ ခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းလက်ထက်တွင် ပုံနှိပ်စက်တစ်စုံကို ယူရို ခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ဝယ်ယူခဲ့ခြင်းကို သိပါသလားဟုမေးမြန်းရာ တရားလိုဦးကျော်စိုးက စက်ဝယ်ယူခဲ့မှုကိုတော့ သိပါသည်၊ 

ဈေးနှုန်းကို ငွေစာရင်းပြန်ကြည့်မှ သိနိုင်ပါမည်ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂ဝဝ၉ ခုနှစ်က ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ပုံနှိပ်စက်ဝယ်ယူရာတွင် 4 Hi Tower 2 Unit နှင့် Mono 2 Unit စက်တစ်စုံကို ယူရို ၇ဝဝဝဝဝ ကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဟုဆိုလျှင်၍ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည် ၏ မေးမြန်းမှုကိုလည်း ဦးကျော်စိုးက အဆိုပါစက်ဝယ်တာ မှန်ပါသည်၊ ဈေးနှုန်းကိုတော့ ကျွန်တော့်ကာလမဟုတ်၍ ကျွန်တော် ပြန်ကြည့်မှသာလျှင် သိနိုင်ပါမည်ဟု ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။ Weekly Eleven News Journal နှင့် The Daily Eleven နေ့စဉ်သတင်းစာတို့၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုအဖြစ် တရားစွဲဆိုထားသောအမှုအတွက် စွပ်စွဲခံရသူတစ်ဦးဖြစ်သူ ကိုဝေဖြိုး၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ဇန်နဝါရီ ၂၂ရက် ရုံးချိန်းတွင် တရားလို ဦးကျော်စိုးအား မေးမြန်းရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုအဖြစ် တရားစွဲဆိုထားသော ယခုအမှုတွင် စွပ်စွဲခံရသူတစ်ဦးဖြစ်သည့် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ပြုလုပ်ခဲ့သည့်ရုံးချိန်းတွင် ပြန်လှန်မေးခွန်းများ စစ်မေးရာ၌လည်း ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့သော ထိုစဉ်က တန်ဖိုး ယူရို (၇၃၅ဝဝဝ) ခုနစ်သိန်းသုံးသောင်းငါးထောင်တန် စက်တစ်စုံလျှင် 4Hi Tower နှစ်လုံး၊ Mono Unit နှစ်လုံးပါ စက်နှစ်စုံဝယ်ယူခဲ့ခြင်းအား သိရှိပါသလားဟု မေးမြန်းသည့်အပေါ် စက်ဝယ်ယူမှုကို သိရှိသော်လည်း ဈေးနှုန်းအတိအကျကိုမူ မသိရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားထားခဲ့သည်။ 

သို့ဖြစ်ရာ ယခုကဲ့သို့ ယူရို ၇၃ဝဝဝဝ ကျော် (ထိုစဉ်က ငွေလဲနှုန်းအရ ကာလပေါက်ဈေး ဒေါ်လာတစ်သန်းခန့်) ဖြင့် ဝယ်ယူခဲ့သော ပုံနှိပ်စက်နှင့်ပတ်သက်၍ စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများမှ မေးမြန်းမှုမှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက ဝယ်ယူခဲ့သော ပုံနှိပ်စက်များတွင် ဈေးနှုန်းကွာဟမှု ရှိ၊ မရှိ၊ ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှု ရှိ၊ မရှိနှင့်ပတ်သက်၍ လိုအပ်သလို စုံစမ်းစစ်ဆေးနိုင်ရန်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြတိုင်ကြားထား ပြီးဖြစ်ကြောင်း သိရသည်။ ယခုရုံးချိန်း၌ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ၂ဝဝ၉ ခုနှစ်က ဝယ်ယူခဲ့သည့် ပုံနှိပ်စက်နှင့်ပတ်သက်၍ တန်ဖိုးဈေးနှုန်းကို ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် မဖြစ်မနေသိသင့်သည်ဆိုပါကဟု မေးမြန်းရာ လုပ်ငန်းသုံးအတွက် လိုအပ်ရင် အသုံးချပါသည်၊ ကျန်သည့်အချိန်တွင်တော့ ကျွန်တော့်ခေါင်းထဲတွင် ထည့်မထားပါဟု ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့သည်။ 

ဆက်လက်၍ ယခုအချိန်မှာ အမှုတွဲ စွဲဆိုထားပြီးဖြစ်၍ အဆိုပါဈေးနှုန်းများကို သိသင့်ပါသည်ဟု ဦးစိုးတင့်ရည်က မေးမြန်းရာ ယခုအမှုကိစ္စသည် ယခင်ဝယ်ယူခဲ့သော ပုံနှိပ်စက်နှင့် ပတ်သက်၍ ဦးတည်ခဲ့ခြင်းမဟုတ်၍ ကျွန်တော်အနေဖြင့် အထူးပြုမှတ်သားထားခြင်း မရှိကြောင်း တရားလိုဦးကျော်စိုးက ဖြေကြားသည်။ “ကျွန်တော့်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးစိုးတင့်ရည်မေးတဲ့မေးခွန်းက ဒီအမှုရဲ့အဓိကအကျဆုံး အကြောင်းအရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၉ ခုနှစ်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း(ယခု သမဝါယမဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး)လက်ထက် လက်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်နေတဲ့ ဦးစိုးဝင်းက သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ယူထားတုန်းက The Printers House ကုမ္ပဏီကနေ သတင်းစာပုံနှိပ်စက်ဝယ်တဲ့ အထောက်အထား စာရွက်စာတမ်း The Printers House ကုမ္ပဏီက ကျွန်တော်တို့ကို ပေးလို့ရထားပါတယ်။ ဒါ့အပြင် စက်တစ်စုံကို ယူရို ၇၃ဝဝဝဝ ကျော်တန် စက်နှစ်စုံဝယ်ထားတယ်လို့ ကျွန်တော်တို့သိထားတာရှိပါတယ်။ ဒီအထောက်အထား စာရွက်စာတမ်းကို ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက သက်သေခံအဖြစ် တင်ပြခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့ပါဘူး။ ကျွန်တော်တို့ရရှိထားတဲ့ ဒီလိုခိုင်မာတဲ့ အထောက်အထားတွေအပေါ်မူတည်ပြီး အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ရန် ခွင့်ပြုသောဥပဒေ မဖြစ်သင့်ကြောင်း သုံးသပ်ချက်ကို Weekly Eleven News Journal မှာ ထည့်သွင်းခဲ့တာပါ။ 

ပုံနှိပ်စက်ဝယ်ယူမှုတွေမှာ ဈေးနှုန်းပိုတာတွေ၊ ကွာဟချက်တွေရှိပါက ပြည်သူ့ဘဏ္ဍာငွေ နစ်နာနိုင်မှုအပေါ် ထောက်ပြခဲ့တာပါ။ ဒါပေမဲ့ ပြန်ကြားရေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြန်ရှင်းတဲ့အထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက်မှာဝယ်တဲ့ စက်အချို့ ရဲ့ဈေးနှုန်းတွေကိုပဲ ရှင်းခဲ့တာပါ။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ကို တရားစွဲခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့အဓိကဆိုလိုရင်းဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ရှိ၊မရှိ ဈေးနှုန်းကွာဟမှုနဲ့ ပြည်သူ့ဘဏ္ဍာငွေ နစ်နာမှု ရှိ၊မရှိဆိုတာတွေအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှာ ဝယ်ခဲ့တဲ့စက်အားလုံးရဲ့ တန်ဖိုးနဲ့ဘယ်လိုဝယ်ခဲ့တယ်ဆိုတာ၊ ယခင် ဝယ်ယူမှုနဲ့ ယခုနောက်ပိုင်းဝယ်တဲ့စက်တွေ ဘယ်လိုကွာခြားသလဲဆိုတာ အခုစွဲဆိုတဲ့အမှုမှာ အဓိကအငြင်းပွားပြဿနာဖြစ်လို့ မေးမြန်းတာပါ။ 

တရားလိုရဲ့အဖြေကတော့ သူ့လက်ထက်မဟုတ်လို့ ဈေးနှုန်း အတိအကျမသိဘူးလို့ဘဲ ဖြေတယ်”ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။ ယခုအမှုရုံးချိန်းတွင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အတွင်း ငွေကြေးအလွဲသုံးစားမှု ပေါ်ပေါက်ခဲ့သောကြောင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်ရှိ မြန်မာ့အလင်းသတင်းစာ ကြော်ငြာခငွေကွာဟမှု ပြဿနာနှင့်ပတ်သက်၍ ဝန်ထမ်းသုံးဦးအား ထောင်ဒဏ်အနှစ် ၄ဝ အထိ ချမှတ်ခဲ့သည့်ဖြစ်စဉ်နှင့် တရားလို ဦးကျော်စိုး ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းလက်အောက်ရှိ သတင်းစာကြော်ငြာခငွေ သိန်းရာကျော် ပေးသွင်းခြင်းမရှိသောကြောင့် ပြည်သူ့ဘဏ္ဍာငွေ နစ်နာမှုပေါ်ပေါက်နေခြင်းများအပေါ် တရားဝင်ဖော်ပြထားသည့် သတင်းများအား ပြသမေးမြန်းရာ ဦးကျော်စိုးက အဆိုပါဖြစ်စဉ်များပေါ်ပေါက်သည်မှာ မှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment