Friday, January 23, 2015

အမျိုးသားပညာရေး ဥပဒေကို ပညာရေး ဝန်ကြီးဌာနကသာ ပြန်ပြင်ရန် ပြည်ထောင်စုလွှတ်တော် သဝဏ်လွှာ ပြန်ပို့


ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အပါအဝင် တောင်းဆိုချက်များကို ထည့်သွင်းပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပညာရေး ဝန်ကြီး ဌာနကသာ ပြန်လည်ပြင်ဆင်ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပြန်ပို့လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြန်လည်ရေးဆွဲရန် ပေးပို့ထားသော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းရာတွင် လွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။


အမျိုးသားပညာရေး ဥပဒေသည် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေအဖြစ် တရားဝင် တည်ရှိနေပြီ ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြုစုကာ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ပါက အမြန်ဆုံး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ပေးသင့်ကြောင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယင်းသို့ ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲရာတွင် အေးချမ်းစွာ ပညာ သင်ကြားရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် တက္ကသိုလ် ကျောင်းသား သမဂ္ဂများနှင့် NNER အဖွဲ့တို့၏ တောင်းဆိုချက်ပါ အချက်အလက်များကို ဖြည့်စွက်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ် အဖြစ် ရေးဆွဲရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

“အခုဟာက လွှတ်တော်က သမ္မတဘက်ကို ပြန်ပုတ်ထုတ်လိုက်တာပဲ။ သေချာတာကတော့ ဥပဒေကြမ်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက တာဝန်ခံတဲ့စိတ် ရှိဖို့တော့ လိုအပ်နေတာပေါ့” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

အမျိုးသားပညာရေး ဥပဒေပါ အချက်အလက်များကို ပြင်ဆင်နိုင်ရေးအတွက် ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုသော်လည်း ဆောင်ရွက်မှု မရှိသောကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂများ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စီတန်းလမ်းလျှောက်ပြီး သပိတ်မှောက် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment