Friday, January 16, 2015

သင့်ကြောင့် ဘာသာရေး လူမျိုးရေး မုန်းတီးမှု မဖြစ်ပါစေနဲ့


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက် သတင်းတွေ ထဲမှာ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ် စရာကောင်းတဲ့ သတင်း တစ်ပုဒ် ဖော်ပြပါရှိလာပါတယ်။ သတင်းမှာ ဖော်ပြထားတာက ဆော်ဒီအာရေး ဗီးယား အလံ စတစ်ကာတစ်ခုကို အိမ်စီးကားမှန် မှာကပ်ပြီး မောင်းနှင်နေတာကို အကြမ်းဖက် တံဆိပ် ဖြစ်တယ်ဆိုပြီး အင်တာနက် Facebook စာမျက်နှာမှာ ဖော်ပြပျံ့နှံ့ခဲ့တာကို အကြောင်းပြုပြီး အဲဒီကားကို ယာဉ်ထိန်းရဲက ဖမ်းဆီးစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။ အဲဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ပြဿနာ ဘယ် လောက်အထိ ကြီးကျယ်သွားပါသလဲ၊ အကိုင်အတွယ် မတတ်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တင်ပြသွားပါ့မယ်။

ဖြစ်စဉ်အစက ဒီလိုပါ။ အင်တာနက် Facebook မှာ “အဘဇိုးအောင်ရင်” အမည် နဲ့ အကောင့်ဖွင့်ထား သူ က ကားနံပါတ်ပါ ပီပီပြင်ပြင် မြင်ရ တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ခုလို ပို့စ်တစ်ခု တင်ပါတယ်။ “အစွန်းရောက် ဂျီဟတ် အလံကို ကားစတေကာကပ်ထားပြီး ရန်ကုန်မြို့မှာ ပတ်မောင်းနေ တယ်။ ယာဉ် ထိန်းရဲတွေ တွေ့ရင် ဖမ်းပစ်ပါဗျာ ... ပြဿနာကိုမီးမွှေးရှာပြီး ယားနေတဲ့ကောင်။ ကားနံပါတ်ပါ မဖျက်ဘဲ တင်ပေးလိုက်တယ်” လို့ ဖော်ပြထားပါတယ်။ ပူးတွဲဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာ ကားနောက်မှန်မှာ အာရဗီ ဘာသာစကားနဲ့ စတစ်ကာတစ်ခု ကပ်ထား တာ တွေ့ရပါတယ်။ နောက်ကားပုံနဲ့ တစ်ပြိုင်နက်တည်း ဖော်ပြထားတာက အဲဒီ အာရဗီ စာပိုဒ်၊ ဘေးနှစ်ဖက်မှာ အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် နှစ်လက်၊ အနက် ရောင်နောက်ခံနဲ့ ကမ္ဘာ့မြေပုံပဲ ဖြစ်ပါတယ်။

အဘဇိုးအောင်ရင်ဆိုသူ တင်ထားတဲ့ စာသားတွေကို အထူးအထွေ အနက် အဓိပ္ပာယ်ဖွင့်ဖို့ လိုမယ် မထင် ပါဘူး။ အစွန်းရောက် ဂျီဟတ်ဆိုပြီး စွတ်စွဲတယ်၊ ပြဿနာ ရှာချင်လို့ ကားကို ပတ်မောင်းနေတယ်၊ ယာဉ်ထိန်း ရဲတွေတွေ့ရင် ဖမ်းပစ်၊ ဒါကြာင့် ကားနံပါတ်ကို ပါ ဖော်ပြပေးလိုက် တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒီပို့စ်တင် သူ အဘဇိုးအောင်ရင်ရဲ့ ပရိုဖိုင်းမှာတော့ ရန်ကုန်မှာနေတယ်၊ ဒဂုံတက်္ကသိုလ်မှာ ပညာဆည်းပူးတယ်၊ DVB သတင်းဌာနက ဗီဒီယိုဂျာနယ်လစ် ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ သူတင်တာ ဇန်န၀ါရီ ၁၄ ရက်ခန့်မှန်း နေ့လယ် ၁၁ နာရီပါ။

တကယ်တော့ အဲဒီဂျာနယ်လစ်ဆိုသူဟာ အာရဗီ ဘာသာစကားနဲ့ စတစ်ကာ ကပ်ထားတဲ့ ကားကို တွေ့တယ်ဆိုရင်၊ တကယ် သတင်းထောက်လည်း ဖြစ်တယ်ဆိုရင် ဘယ်လိုစာသားတွေ ရေးထားတယ်၊ ဘာ အဓိပ္ပာယ်ရှိတယ် အရင်လေ့လာစူးစမ်း ကြည့်ဖို့ လိုပါတယ်။ ကောင်းပါပြီ၊ အဲလို လေ့လာစူးစမ်းကြည့်ဖို့ အသိဉာဏ် ဗဟု သုတ မပြည့်ဝသူ ဖြစ်နေရင်၊ အစွန်းရောက်တွေရဲ့ ဘေးရန် ကလည်း ကာကွယ်ချင်စိတ် ပြင်းလွန်းတယ်ဆိုရင် အဲဒီနံပါတ်နဲ့ တကွရိုက်ကူးထားတဲ့ဓာတ်ပုံ ရဲတပ်ဖွဲ့ဆီသွားပြ၊ သတင်းပေး တိုင်တန်းနိုင်ပါတယ်။ အဲဒီအခါ ရဲတပ်ဖွဲ့က လိုအပ်တာ ဆက်လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ သတင်း ထောက်ဟာ အဲဒီလိုဆက်ပြီး လေ့လာ စူးစမ်းဖို့လည်း စိတ်မကူး Facebook ကို တင်လိုက်ရင် ဘာဖြစ် လာနိုင်မလဲ ဆိုတာကိုလည်း မတွက်ဆဘဲနဲ့ လက်မြန်ခြေမြန် တင်လိုက်တာ ဖြစ်ပါတယ်။
နာရီ ၂၀ အတွင်း အဲဒီပို့စ်ကို ဖြန့်ဝေသူ (Shares) လုပ်သူ ၉၇ ဦး၊ ထပ်ဆင့်ဖြန့် ဝေသူတွေလည်း ရှိခဲ့တာမို့ ဘယ်လောက် အတိုင်းအတာ အထိ ပျံ့နှံ့သွားမလဲ ခန့်မှန်းနိုင်ပါတယ်။

ထုံးစံအတိုင်း အဲဒီပို့စ်နဲ့ ပတ်သက်ပြီးထဲမှာ ပွဲအတော်ဆူသွားပါတယ်။ ထုံးစံအတိုင်း ဘာမှ နားမလည် သူတွေက ဆက်ပြီး စွပ်စွဲ၊ ဆက်ပြီးဆဲဆို၊ ဆက်ပြီးလှုံ့ဆော် ဆက်ပြီး အမုန်းစကားတွေပွား ကြပါတယ်။ တချို့ကတော့ အဲဒီ အာရဗီ စာသားကို ကောင်းကောင်းမွန်မွန် အဓိပ္ပာယ် ပြန်ဆိုပေးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာပိုင်တွေဟာ အဲဒီမောတော်ကားနဲ့ ကားပိုင်ရှင်ကို ရှာဖွေ ဖမ်းဆီးခဲ့ကြပါတယ်။ ဒီစတစ်ကာမှာ ဖော်ပြထားတဲ့ စာသား အဓိပ္ပာယ်က “အလ်္လာအရှင်မြတ်မှ တစ်ပါး အခြား ခ၀ပ် ကိုးကွယ် ရာမရှိ၊ တမန်တော် မိုဟာမက်သည် အလ်္လာအရှင်မြတ်၏ တမန်တော် ဖြစ်တော်မူ၏” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ခရိုင်အဆင့် အရာရှိတစ် ယောက်က ဘာသာရေး စတစ်ကာ အလံ ကပ်တာ ကို ဆိုပြီး ဖွလို့စစ်ဆေးရတာပါ ဆိုပြီး ဆဲဗင်းဒေး သတင်းစာကို ဖြေထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကားပိုင်ရှင်ကို ယာဉ်ထိန်းရဲစခန်းက မဆီမဆိုင် မော်တော်ယာဉ် အက်ဥပဒေနဲ့ အရေးယူထားပါပြီ။ အဲဒီ အဘဇိုးအောင်ရင် ဆိုသူဟာ သူ့ပို့စ် တင်ပြီး ၁၄ နာရီအကြာ ဇန်န၀ါရီ ၁၅ ရက်၊ နံနက် ၁ နာရီလောက်မှာတော့ ခုလို ပို့စ်ကို ပြန်တင်ခဲ့ပါတယ်။
“အစ္စလာမ် ဘာသာရေး အလံကို ကျွန်တ်ာအစွန်းရောက် ဂျီဟတ်အလံလို့ သုံးနှုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် ရဲ့ လေ့လာမှုအားနည်းတာလည်း ဝန်ခံပါတယ်။ တွေသုံးနေတဲ့ အလံကိုပဲ မျက်စိ ထဲ မြင်ဖူးနေတော့ ကျွန်တော် မဖြစ်သင့်တာ ဖြစ်မှာစိုးလို့ အသိပေးတဲ့ အနေနဲ့ပဲ အဲ့ကားပုံ တင်လိုက်တာပါ။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာမဟုတ်ဘူးဆိုတာတော့ နားလည်စေချင်ပါတယ်။ ပြီးတော့ ဒီ အကောင့်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူ အဆတွေအမြင်တွေကို တင်တာဖြစ်တဲ့ အတွက် ကျွန်တော့် အလုပ်နဲ့ ဘာမှပတ်သက်မှုမှူ မရှိပါဘူး။ ကျွန်တော့် အယူအဆ တွေ အမြင်တွေကို မကြိုက်ရင် ကျော်ဖတ် လို့ရပါတယ်။ ကျွန်တော် မှားတာရှိရင်လည်း ထောက်ပြနိုင် ပါတယ်။ ဒါပေမဲ့ အကောင့် ထဲက ကောင် တွေ ကို ပြောချင်တာက...၀ါးလုံးရှည်နဲ့ အကုန်ပတ်မရမ်းနဲ့ ဆိုတာပါပဲ ... ။ ဘာသာအလံကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီး တောင်းပန်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ အဲဒါကို ပြန်လည် ဖြန့်ဖြူးသူကတော့ ငါးယောက်ပဲ ရှိပါ တယ်။ မမှန်တာဖြန့်သူ အရေအတွက်နဲ့ နှိုင်းယှဉ် နိုင်ပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု အဓိ ကရုဏ်း ဖြစ်စဉ် တွေကိုကြည့်ရင် ဘာမဟုတ်တဲ့ ရောင်းမှား ၀ယ်မှား ရန်ဖြစ်ကြတာမျိုး၊ ကိုရင်လေးနဲ့ အစ္စလာမ် ဘာသာဝင်စက်ဘီးနဲ့ တိုက်မိ တာမျိုးလောက်က စခဲ့တာ တွေ့နိုင်ပါတယ်။ မန်္တလေး အကြမ်း ဖက်မှုမှာတော့ အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာ ကနေတစ်ဆင့် စနစ်တကျ အမုန်း တ ရား ပြန့်ပွားအောင်လုပ်၊ အကြမ်းဖက်မှု ဖြစ် အောင်စနစ်တကျ လှုံ့ဆော်ခဲ့တာပါ။ အခု ပြဿနာဟာ DVB ထောက်လို့ ကိုယ့်ကိုယ်ကိုယ်ဆိုထား သူတစ်ယောက် DVB မဆင်မခြင် ရေးသားခဲ့လို့ ကားပိုင်ရှင် အရေးယူခံနေရပါပြီ။ နစ်နာ သွားပါပြီ။ ဒီထက် ဆိုးတာက Facebook ထဲကနေတစ်ဆင့် အမုန်းတရား အတော့်ကို ပျံ့နှံ့သွားခဲ့ပါပြီ။ သတင်းစာ မဖတ်ရတဲ့ တောရွာကျေးလက် က ပြည်သူတွေစိတ်ထဲ ဘယ်လိုဖြစ်မယ် မခန့်မှန်းနိုင်ပါဘူး။ ဒီအတွက် သတင်းထောက်ဆိုသူ တွေဆင်ခြင်ကြပါ၊ သက်ဆိုင်ရာ သတင်းဌာန တာဝန်ခံတွေကလည်း ကိုယ့်ဝန်ထမ်းကို ပညာပေးကြပါ။ အသိရှိရှိနဲ့ဖြစ်စေ၊ မသိဘဲလည်းဖြစ်စေ အမုန်းတရားဖြန့်ဖြူးတာတွေ တိုင်းပြည် မီးလောင်မယ့် ကိစ္စတွေ မလုပ်ကြပါနဲ့။

Mizzima - News in Burmese

1 comment:

  1. ​ပြောတာက​တော့ဘာသာ​ရေးပဠိပက္ခဖြစ်​မှာစိုးတာတဲ့တကယ်​က​တော့ ကုလား​တွေခံရမှာကို ​တော်​​တော်​စိုးရိမ်​​နေပုံရတယ်​ ကားမှာကပ်​တဲ့သူက​ကော ပြသနာကို ဖြစ်​​စေချင်​​နေတာမဖြစ်​နိုင်​ဘူးလား ဒီလိုအချိန်​မျိုးမှာ ဒါကြီးကကပ်​စရာလား အဲဒီလိုစာသား​တောင်​မဟုတ်​တဲ့ ၉၆၉ကပ်​တာကို​တော့ ​ပြောလိုက်​ကြတဲ့​လောက်​​ကောင်​​တွေ ​ပေါမှ​ပေါ သူ့အ​ဖေ​တွေကျ​တော့မ​ပြောတဲ့အပြင်​ ဖာ​တောင်​ဖာလိုက်​​သေး

    ReplyDelete