Monday, January 12, 2015

အဲအေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်းတင်သေတ္တာ ယနေ့ ဆယ်ယူမည်


QZ8501
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲမှာ ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် သေတ္တာကို ရှာဖွေတွေ့ရှိပြီလို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင်က ဇန်န၀ါရီ ၁၁ ရက်နေ့က ပြောဆိုပါတယ်။
လေယာဉ်ပျက်အပိုင်းအစတွေအောက်မှာ နစ်မြှုပ်နေပြီး ရေငုပ်သမားတွေက ဒီနေ့ ဇန်န၀ါရီ ၁၂ ရက်နေ့မှာ သွားရောက်ဆယ်ယူကြမယ်လို့ အဖွဲ့ခေါင်းဆောင် ဘမ်ဘန် ဆူလီစတိုရို က ပြောဆိုတာပါ။
အဲအေးရှားလေယာဉ်ကိုယ်ထည်ပိုင်းကို ရှာဖွေရင်း မှတ်တမ်းသေတ္တာ ရှိနိုင်တဲ့နေရာကို စုံစမ်းတွေ့ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

လေယာဉ်ပျက်ဟာ ဂျာဗားပင်လယ်ပြင်အောက် ပေ ၁၀၀ လောက်မှာ နှစ်မြှုပ်နေပြီး အမြီးပိုင်းကိုတော့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဆယ်ယူရရှိခဲ့ပြီးဖြစ်ပါတယ်။ အမြီးပိုင်းကို ဆယ်ယူရရှိခဲ့တဲ့ နေရာနဲ့ ၂ မိုင် အကွာမှာ လေယာဉ်မှတ်တမ်းသေတ္တာက ထုတ်လွှတ်နေတယ်လို့ ယူဆရတဲ့ signal ကို အင်ဒိုနီးရှားရှာဖွေရေးသင်္ဘော ၃ စင်းက ရရှိခဲ့တာလို့ အင်ဒိုနီးရှား ရေကြောင်းဆိုင်ရာ တွဲဖက်ဝန်ကြီးက  ပြောဆိုပါတယ်။
မီတာ ၂၀  အကွာအဝေး နှစ်နေရာကနေ signal တွေ ရရှိနေပြီး တခုက ပျံသန်းမှု မှတ်တမ်းတင်စက်နဲ့ တခုက လေယာဉ်မှူးတွေရဲ့ အသံဖမ်းစက်ဖြစ်နိုင်တယ်လို့လည်း ပြောဆိုပါတယ်။
အဲအေးရှား စီအီးအို ဖာနန်ဒတ်စ် ကလည်း ဒီမှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိပြီလို့ ယုံကြည်ကြောင်း သူ့ရဲ့ စာမျက်နှာမှာ ရေးသားထားပြီး ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရေး ကိုပဲ ပိုစိတ်ပူတယ်လို့ ပြောဆိုပါတယ်။
လေယာဉ်ပျက်ကျပြီးနောက်ပိုင်း ရာသီဥတုအခြေအနေက တောက်လျောက်ဆိုးရွား ခဲ့တာကြောင့် လေယာဉ်ပျက်နဲ့ ခရီးသည် ရုပ်အလောင်း ရှာဖွေဆယ်ယူရေးလုပ်ငန်း တွေဟာ အတော့်ကို နှောင့်နှေး ခဲ့ရပါတယ်။
လက်ရှိအချိန်အထိ ခရီးသည်အလောင်း အနည်းဆုံး ၄၈ လောင်းကို ဆယ်ယူရရှိထားပါတယ်။ အဲအေးရှားခရီးစဉ်အမှတ် 8501 ဟာ လိုက်ပါသူ ၁၆၂ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်း ရင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့တာပါ။
၂၀၁၄ ခုနှစ် အောက်တိုဘာလက သမ္မတဖြစ်လာတဲ့ သမ္မတ ၀ီဒိုဒိုက အင်ဒိုနီးရှားလေကြောင်း သယ်ယူ ပို့ဆောင်ရေး စီမံခန့်ခွဲမှုအတွင်း ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီဆိုတာ ဒီလေယာဉ်ပျက်ကျမှုက မီးမောင်းထိုးပြနေတယ်လို့ ပြောဆိုပါတယ်။

DVB

No comments:

Post a Comment