Monday, January 26, 2015

ဂျပန်ဓားစာခံ နှစ်ဦးအနက် တစ်ဦးကို IS အုပ်စု သတ်ဖြတ်ဟု ယူဆရ၊ ဂျပန်ဝန်ကြီးချုပ် အမျက်ကြီးစွာထွက်

ဖမ်းဆီးခံထားရသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ရှိသည့်အနက် တစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဆိုထားသည့် ဗီဒီယိုအား အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက်အုပ်စုက ထုတ်ပြန်လိုက်မှုကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
IS အုပ်စုသည် ဖမ်းဆီးထားသော ဓားစာခံများကို ၇၂ နာရီအတွင်း ဒေါ်လာ သန်း ၂၀၀ ဖြင့် ရွေးရမည်ဟု တောင်းဆိုခဲ့သည့် သတ်မှတ်ကာလ ကျော်လွန်သွားပြီးနောက် ဟာရူနာယူကာဝါဟု အမည်ရသည့် ဓားစာခံတစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဗီဒီယိုခွေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရက်စက်ကြမ်းကြုတ်ပြီး မည်သို့မျှ လက်သင့်ခံဖွယ် မရှိသော လုပ်ရပ်အဖြစ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကာ ကျန်ရှိသော ဓားစာခံ ကင်ဂျီဂိုတိုကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်။

သို့သော် ယခုအခါ IS အုပ်စုသည် ငွေကြေးတောင်းဆိုမှု မပြုတော့ဘဲ ဖမ်းဆီးထားသော ဓားစာခံများ အလဲအလှယ် ပြုလုပ်မည်ဟု တောင်းဆိုလာမည့် အနေအထားတွင် ရှိနေသည်။
ဂျပန်ဓားစာခံ ကင်ဂျီဂိုတိုကို ဂျော်ဒန်နိုင်ငံ၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသော အီရတ်နိုင်ငံသား IS စစ်သွေးကြွ ဆာဂျာဒါအယ်လ်ရီရှာဝီ ဆိုသူနှင့် အလဲအလှယ် ပြုလုပ်လိုဖွယ် ရှိသည်။
ဖမ်းဆီးထားသော ဂျပန်ဓားစာခံ တစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဆိုထားသည့် ဗီဒီယို ထွက်ရှိလာပြီးနောက် ယင်းဗီဒီယိုပါ အချက်အလက်များ အမှန်တကယ် ဟုတ်၊ မဟုတ် ဟူသည်ကို သိရှိရန် ကျွမ်းကျင်သူများက စစ်ဆေးလျက်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ အကြမ်းဖက်ဝါဒကို ခေါင်းငုံ့ပေးမည် မဟုတ်ဟု ဆိုသည်။
“ဒါဟာ အကြမ်းဖက်လုပ်ရပ် တစ်ခုပါပဲ၊ အရှက်မရှိတဲ့ ရက်စက်ကြမ်းကြုတ်မှု ဖြစ်သလို ဘယ်လိုမှ လက်သင့်ခံစရာ မရှိပါဘူး။ ကျန်ရှိနေတဲ့ ဓားစာခံ ကင်ဂျီဂိုတိုကို အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုလိုက်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ်က ဆိုသည်။
ထို့အတူ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း “IS အစွန်းရောက်အုပ်စု၏ ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသော ဂျပန်နိုင်ငံသား ဟာရူနာယူကာဝါ သေဆုံးမှုကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချလိုက်သည်” ဟု ကြေညာချက် ထုတ်ပြန်ပြီး အမေရိကန်ပြည်ထောင်စုသည် ဂျပန်နှင့် ဒိုးတူပေါင်ဖက် အမြဲအတူရှိနေမည်သာ ဖြစ်ကြောင်း အသိပေးသည်။
IS အုပ်စုက ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် ဓားစာခံမစ္စတာ ကင်ဂျီဂိုတိုက မစ္စတာယူကာဝါ၏ ရုပ်အလောင်းဟု ယူဆရသော ဓာတ်ပုံကို ကိုင်ဆောင်ပြထားသည်။
အမေရိကန် အမျိုးသားလုံခြုံရေး ဌာနမှ ပက်ထရစ်ဗင်ဒဲလ်က အဆိုပါဗီဒီယို စစ်မှန်မှုရှိ၊ မရှိ စမ်းသပ်သွားမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဂျပန်ကက်ဘိနက် ဝန်ကြီး ယိုဟီဟိုက်ဆူဂါက သတ်ဖြတ်ခံထားရသော ဂျပန်လူမျိုး၏ ဓာတ်ပုံကို ထုတ်ဖော်ပြသမှုသည် မည်သို့မျှ ခွင့်လွှတ်၍ မရနိုင်သော အကြမ်းဖက်မှု တစ်ရပ်ပင် ဖြစ်သည်ဟု ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment