Monday, January 26, 2015

ဆိုင်ကယ် စီးနင်းမှုများကို အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဖမ်းဆီးမည်


ရပ်ကွက် အတွင်း ဆိုင်ကယ် စီးနင်းမှုများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂)၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဒီရပ်ကွက်မှာ ဒေသခံတွေ ဖြစ်တဲ့ အတွက် ဒါကို ပိုပြီး လုပ်ဆောင်နိုင် ပါတယ်။ တိတိကျကျ စာရင်း ကောက်ပြီး လုပ်ဆောင်ရင် ခရီး ပိုရောက်မှာပါ ဟု အမှတ် (၂)၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောသည်။



ယာဉ်ထိန်း ရဲတပ်ဖွဲ့အနေဖြင့် ဆိုင်ကယ် ဖမ်းဆီးရာတွင် မြို့တွင်း စီးနင်းမှုနှင့် လမ်းမကြီး ပေါ် တက်ရောက် စီးနင်းမှသာ ဖမ်းဆီး နိုင်ပြီး ရပ်ကွက် အတွင်း စီးနင်းမှုများကို ထိထိရောက်ရောက် ဖမ်းဆီးနိုင်ရေး အတွက် နယ်မြေခံ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့ အထိ လိုင်စင်ရှိ ဆိုင်ကယ် ဖမ်းဆီးမှု (၁၆၉) မှု ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။


ရန်ကုန် နယ်နိမိတ် အတွင်း ဆိုင်ကယ် စီးနင်းမှုများကို ဖမ်းဆီး ရာတွင် ယခင် (၁၉၆၄) မော်တော်ယာဉ် နည်း ဥပဒေဖြင့် အရေးယူခြင်း မဟုတ်ဘဲ အသစ် ပြဋ္ဌာန်း လိုက်သည့် စည်ပင် ဥပဒေ ပုဒ်မ (၇၂) ဖြင့် အရေးယူခြင်း ဖြစ်ပြီး ဖမ်းဆီးရာ၌ ယာဉ်ထိန်း ရဲတပ်ဖွဲ့ အပြင် သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့မှလည်း ဖမ်းဆီး အရေးယူ နိုင်ကြောင်း သိရသည်။ စည်ပင် ဥပဒေ ပုဒ်မ (၇၂) သည် ထောင်ဒဏ် အပါအ၀င် အနိမ့်ဆုံး ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်း အထိ ချမှတ် နိုင်ကြောင်း သိရသည်။


Messenger News Journal

No comments:

Post a Comment