Monday, January 26, 2015

နမ့်ခမ်းမြို့အ၀င်မုခ်ဦးအနီး KIA အဖွဲ့မှ မိုင်းဖောက်ခွဲ မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့အ၀င်မုခ်ဦးအနီး၊ မူဆယ်-နမ့်ခမ်းကားလမ်းမကြီး၏ယာဘက်တွင် ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်ချိန်ခန့်တွင်အသံမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့် နေရ ကြောင်း သတင်းရရှိသည်။
“တိုက်ပွဲတွေပြန်ဖြစ်တိုင်းမိုင်းခွဲနေကျပဲလေ၊ တော်တော်သူရဲဘောကြောင့်တဲ့လူတွေ၊ သေနတ်တွေကိုင် ထားပြီး ဘာမှပြန် မလုပ်နိုင်တဲ့ လမ်း၊ တံတားတွေကို မိုင်းခွဲနေတာကတော့ တော်တော်ရှက်ဖို့ ကောင်းပါတယ်၊ ထုံးစံ အတိုင်းပါပဲ၊ KIA အဖွဲ့ပဲနေမှာပေါ့” ဟု နမ့်ခမ်းမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မြေသားအကျယ် ၃ ပေပတ်လည်ခန့်၊ အနက် ၁ လက်မခွဲခန့် ကျင်းငယ်ဖြစ်ပေါ်ခဲ့ပြီး အခြားလူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
“အရင်တုန်းက အဲဒီနေရာမှာ တပ်နဲ့ပြည်သူ့စစ်အဖွဲ့ပေါင်းပြီး မြို့အ၀င်လုံခြုံရေးဆောင်ရွက်နေတာရှိတယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ ဖြုတ်သွားတာ၊ လုံခြုံရေးမရှိတော့ မြို့လုံခြုံမှုမရှိတော့တာ သက်သေပဲလေ၊ အဖျက်လုပ်ငန်းလုပ်ချင်တဲ့ အဖွဲ့ဒါပဲစောင့်နေကြတာ”ဟု နယ်မြေခံပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကပြောသည်။
KIA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်ဖြစ်ပွား ခဲ့သောတိုက်ပွဲများ၌ တပ်မတော်စစ်ကြောင်း များအား အသာစီးမရဘဲ အထိနာခဲ့သဖြင့် ယခုကဲ့သို့ မြို့အ၀င်မုခ်ဦး၊ လမ်း၊ တံတားနှင့် ကျောက်မျက်ကုမ္ပဏီ များအားလိုက် လံ နှောင့်ယှက်မိုင်းခွဲနေခြင်းဖြစ်ပြီး မြို့ခံအချို့မှာလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရ ကြောင်းသိရှိရပါသည်။

ကောင်းစံ(ရှမ်း/မြောက်)
Kachin Daily News

No comments:

Post a Comment