Monday, January 26, 2015

နန်းမြို့ရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အစောင့်အား သတ်၍ အကျဉ်းသား ရှစ်ဦး ထွက်ပြေးသည်ဟု ဆို

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့၊ နန်းမြို့အတွင်းရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အကျဉ်းသား ရှစ်ဦးသည် ဇန်နဝါရီ ၂၅ရက်၊ နံနက် ၄ နာရီခန့်က အစောင့်တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေးလွတ်မြောက်သွား ခဲ့သည့် သတင်းက ဟုတ်မှန်သော်လည်း အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိ သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်လက် စုံစမ်းမေးမြန်းရာတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ပြီး ထွက်ပြေးသူများမှာ စစ်ဘက်ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်၍ ထွက်ပြေးသွားသူများမှာ ရှစ်ဦး ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး တပ်ကြပ်တစ်ဦး သေဆုံးမှု ရှိခဲ့သည်ဟု ဆိုခဲ့သည်။



''ဖြစ်တာတော့ ဖြစ်တယ်။ ဘယ်လို ဖြစ်ခဲ့တာလဲတော့ မသိဘူး။ စစ်တပ်ဘက်ကလည်း ဘာမှအကြောင်း ကြားတာမျိုး မရှိလို့ ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ စုံစမ်းမှုတော့ လုပ်နေပါတယ်''ဟု နယ်မြေခံရဲတပ်ဖွဲ့ ဖြစ် သည့် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစောင့်တစ်ဦးကို သတ်ပြီး အကျဉ်းသားများ ထွက်ပြေးရာတွင် သုံးဦးမှာ ရေကူး လွတ်မြောက်သွားပြီး တစ်ဦးကို ဖမ်းမိကြောင်း ဆိုရှယ်လူမှု ကွန်ရက်တွင် ရေးသားထားသည်။

နန်းမြို့တွင်းမှ အမည်မဖော်လိုသူ တစ်ဦးက ''နီးစပ်ရာတွေက ကြားတာကတော့ အကျဉ်းသားလားတော့ မသိဘူး။ ရှစ်ဦး ထွက်ပြေးတယ်လို့တော့ ပြောတယ်'' ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နန်းတွင်း အမှတ်(၂) စစ်အကျဉ်းထောင်သို့ သွားရောက် သတင်းယူခဲ့ရာတွင် သက်ဆိုင်ရာ တို့က အတည်ပြု ဖြေကြားခဲ့ခြင်း မရှိသော်လည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တပ်ကြပ် ကြီးတစ်ဦး အသတ်ခံရသဖြင့် ရောက်ရှိလာသည်မှာ ဟုတ်မှန်ကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Mizzima

No comments:

Post a Comment