Thursday, January 8, 2015

KIO အလံနှင့်ဆင်တူနေသောကြောင့် KNCD ပါတီ၏အလံ အသုံးပြုခွင့်ကို ယာယီပိတ်ပင်

အစိုးရသစ် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော KIO/KIA အလံနှင့် ဆင်တူနေသောကြောင့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် KNCD ပါတီ၏ အလံအသုံးပြုခွင့်ကို ယာယီ ပိတ်ပင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကချင် မျိုးနွယ်စုရေးရာ အဖွဲ့တို့က KIO နှင့် ဆင်တူနေသည်ဟု ကန့်ကွက်ထားခြင်းကြောင့် ယင်းသို့ ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
KNCD ပါတီ၏ အလံသည် ရှေးနှစ်ပေါင်းများစွာက ကချင် ဒူဝါကြီးများ စတင်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း KNCD ပါတီက ပြန်လည် တင်ပြထားကာ ယင်းကိစ္စကို ပြန်စိစစ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“မူလကအလံကို ခွင့်ပြုခဲ့ပေမယ့် ကန့်ကွက်ထားတဲ့ဟာတွေ ရှိလာလို့ ဆက်ပြီးအသုံးမပြုဖို့ KNCD ပါတီကို စာပို့ အကြောင်းကြားထားတယ်။ ဒါပေမဲ့ KNCD ကလည်း အချက်အလက်နဲ့တကွ ပြန်လည် တင်ပြလာတဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို ပြန်စိစစ်ဖို့ ပြောထားတယ်။ အဖြေမကွဲပြားသေးတဲ့ အချိန်မှာ ယာယီ ပိတ်ပင်ထားပါတယ်” ဟု ၎င်းကဆိုသည်။
KNCD ပါတီအလံမှာ KIA အလံ မဟုတ်ဘဲ ကချင်နိုင်ငံရေးအလံ ဖြစ်ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများနှင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလက ကော်မရှင်ထံသို့ တင်ပြထားကြောင်း KNCD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောကြားသည်။
“ကျွန်တော်တို့ ဘက်ကတော့ ရှင်းလင်းချက်တွေကို ကော်မရှင်ကို ပို့ထားတယ်၊ အဲဒါကို ပြန်ပြီးတော့ အကြောင်း မကြားသေးတဲ့ အချိန်မှာ အလံကို ဆက်သုံးမယ်။ ဒီအလံက ခွင့်ပြုပေးထားပြီးသားပဲလေ” ဟု ၎င်းကဆိုသည်။
ယင်းသို့ အလံအသုံးမပြုရန် တားမြစ်ခြင်းကို လက်မခံပါက သက်ဆိုင်ရာ ကန့်ကွက်သော ပြည်ထဲရေးဌာန၊ ကချင် မျိုးနွယ်စုရေးရာ အဖွဲ့နှင့် KNCD ပါတီတို့ကို ထိပ်တိုက် တွေ့ဆုံဆွေးနွေးစေမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
တရားဝင်ပါတီအဖြစ် ခွင့်ပြုထားသော KNCD ပါတီ၏ အလံနှင့် ရင်ထိုး အမှတ်တံဆိပ် သုံးစွဲခွင့်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့ကြောင်း KNCD ပါတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment