Monday, January 12, 2015

MPT ကို စိတ်ပျက်သွားကြပြီလား . . .

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ် အသစ်များမှာ ထူးခြားမှု မရှိဟု အများစုက ဝေဖန်ခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာနယ်ဇင်းရှင်းလင်းပွဲ မတိုင်မီက သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချသတ်မှတ်မည့် နှုန်းထားများအပေါ် အလွန်စိတ်ဝင်တစား ရှိခဲ့သော်လည်း အမှန်တကယ် ထွက်ပေါ်လာချိန်တွင် ယင်းအစီအစဉ်သစ်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း သုံးစွဲသူများက ဖွင့်ဟခဲ့ကြသည်။ ယင်းပွဲမတိုင်မီက MPT အနေဖြင့် ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၁၅ ကျပ်အထိ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း သိရ သည်။

MPT က ဇန်နဝါရီ ၁၂ တွင် စတင်မည့် ဆွေသဟာ အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး စတင်သုံးစွဲရန် မက်ဆေ့ခ်ျပို့ရမည် ဖြစ်သည်။ ထို့နောက် မည်သည့်ဖုန်းသို့မဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ဖုန်းနံပါတ် သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS ပို့ခမှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်ပြီး အင်တာနက် အသုံးပြုခြင်းမှာ မိနစ်အလိုက် ကောက်ခံသည့်ပုံစံမှ Data Based ဖြင့် ကောက်ခံသည့်ပုံစံသို့ ပြောင်းလဲကောက်ခံမည်ဟု သိရသည်။ ပုံမှန် အင်တာနက် အသုံးပြုခြင်းအတွက် 1 MB လျှင် ၁၅ ကျပ် ကောက်ခံမည်ဖြစ်ပြီး ယင်းနှုန်းထားမှာ လက်ရှိ ဆက်သွယ်ရေးအော်ပရေတာ သုံးခုအနက် နှုန်းထားအကြီးမြင့်ဆုံး ဖြစ်နေကြောင်း သိရသည်။

ဆွေသဟာ အစီအစဉ်ကို ရယူသုံးစွဲမှသာလျှင် ဆွေသဟာ Package များကို ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပြီး ဆွေသဟာ Package တွင် Voice Package နှင့် အင်တာနက် Package များ ပါဝင်သည်။ Voice Package တွင် ရက်ပေါင်း ၃ဝ အတွင်း မိနစ် ၄၈ဝ ဖုန်းပြောခြင်းအတွက် ကျပ် ၁၂ဝဝဝ ဖြစ်ပြီး ယင်းမှာ MPT ဖုန်းအချင်းချင်းသာ ခေါ်ဆိုရန်ဖြစ်ကြောင်း သိရသည်။ ယင်းနှုန်းထားအရ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကျသင့်မည်ဖြစ်သည်။

အင်တာနက် Package တွင် ရက်ပေါင်း ၃ဝ အတွင်း 400 MB အသုံးပြုခြင်းအတွက် ကျပ် ၅ဝဝဝ၊ ရက်ပေါင်း ၃ဝ အတွင်း 1 GB အသုံးပြုခြင်းအတွက် ကျပ် ၁ဝဝဝဝ ဖြစ်ကြောင်း သိရသည်။ ယင်းနှုန်းထားများမှာလည်း အူရီဒူး၊ တယ်လီနောနှုန်းထားများထက် ပိုမိုများပြားလျက်ရှိပြီး အင်တာနက်မြန်နှုန်းမှာ အူရီဒူး၊ တယ်လီနော၏ Smart အင်တာနက်ထက် ပိုမိုမြန်ဆန်ရန် မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“ခုချိန်မှာ MPT က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးစွဲသူအများဆုံး ရရှိထားတဲ့ အော်ပရေတာတစ်ခုပါ။ ဒါကို သူ့အနေနဲ့ နောက်ထပ်သုံးစွဲသူတွေ ထပ်ရလာအောင် လုပ်သင့်တယ်။ လက်ရှိ သုံးစွဲသူတွေကိုလည်း ဆက်ပြီး ထိန်းသိမ်းသင့်တာပါ။ အခုကျတော့ ပြည်သူတွေက သူ့ကို မဖြစ်မနေ သုံးရမှာပဲဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက တစ်နိုင်ငံလုံးကို Coverage ဖြစ်နေတာကြောင့်ပါ။ အဲဒါကြောင့် ဈေးမလျှော့လည်း ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေဆီကနေ ရသလောက် ယူနေတာပဲ။ တကယ်ဆိုရင် သူက နိုင်ငံပိုင် ဆက်သွယ်ရေး အော်ပရေတာပါ။ ဒါကြောင့် ပြည်သူတွေကို အဆင်ပြေအောင် ပိုပြီးတော့တောင် လုပ်ပေးသင့်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြည်ပအော်ပရေတာတွေလည်း ဒီလိုမျိုး Coverage ဖြစ်လာမယ်ဆိုရင် MPT ကို သုံးကြတော့မှာ မဟုတ်ဘူး။ ပြီးတော့ တယ်လီကွန်း ဥပဒေထဲမှာ အော်ပရေတာ အချင်းချင်း ပြိုင်ဆိုင်တဲ့အခါ ဈေးနှုန်း အရမ်းကွာဟမှု မရှိရဘူးဆိုတဲ့ အချက်တွေ ပါတယ်။ ဒါကို သူကိုယ်တိုင်က ပြည်ပအော်ပရေတာတွေနဲ့ ယှဉ်ရင် ဈေးက ထက်ဝက်လောက် ကွာနေခဲ့တယ်။ နောက်တစ်ခုကတော့ အင်တာနက်နှုန်းထား။ 1MB ကို ၁၅ ကျပ်ကောက်ခံပြီးတော့ အင်တာနက်ကို အဆပေါင်းများစွာ မြန်ပေးမယ်လို့ ပြောတယ်။ သူတို့ အဲဒီလို မြန်မယ်ပြောတာက ပြည်ပအော်ပရေတာတွေ ပုံမှန်ပေးနေတဲ့ မြန်နှုန်းလောက်ပဲ ရှိမှာပါ။ ဒါကြောင့် အခု လျှော့လိုက်တယ် ဆိုတာကလည်း အရင်မလျှော့တာနဲ့ အတူတူပါပဲ” ဟု In Mai Kha ကုမ္ပဏီ၏ CEO ကိုပြည်စိုးထွန်းက သုံးသပ်ပြောကြားသည်။

လက်ရှိတွင် အူရီဒူး၏ အင်တာနက်နှုန်းထားများမှာ တစ်ရက်လျှင် 50 MB အသုံးပြုခြင်းအတွက် ကျပ် ၃၉ဝ၊ တစ်လလျှင် 500 MB အသုံးပြုခြင်းအတွက် ကျပ် ၃၉ဝဝ၊ တစ်လလျှင်1GB အသုံးပြုခြင်းအတွက် ကျပ် ၆၉ဝဝ၊ တစ်လလျှင် 2GB အသုံးပြုခြင်းအတွက်ကျပ် ၁၂၉ဝဝ၊ တစ်လလျှင် 5GB အသုံးပြုခြင်းအတွက် ကျပ် ၂၉၉ဝဝ၊ တစ်လလျှင် 10 GB အသုံးပြုခြင်းအတွက် ကျပ် ၅၅၉ဝဝ ဖြစ်လာကြောင်း သိရသည်။

တယ်လီနော၏ အင်တာနက် အသုံးပြုခမှာ မြန်နှုန်းအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး Package ဖြင့် မဟုတ်ဘဲ ပုံမှန်သုံးစွဲမှုတွင် မြန်နှုန်း 300 Kbps အထိ ရရှိနိုင်မည့် MY Internet Package မှာ 1 MB လျှင် ၆ ကျပ်၊ မြန်နှုန်း 2Mbps အထိ ရရှိနိုင်မည့် Smart Internet Package မှာ 1 MB လျှင် ၁ဝ ကျပ်ဖြစ်ကြောင်း သိရသည်။ တစ်ပတ်လျှင် 100 MB အသုံးပြုခြင်းအတွက် ကျပ် ၅ဝဝ၊ တစ်လလျှင် 500 MB အသုံးပြုခြင်းအတွက် ကျပ် ၁၉ဝဝ ဖြစ်ပြီး ယင်း Package များမှာ အင်တာနက်မြန်နှုန်း 300 Kbps ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ တစ်လလျှင် 1GB အသုံးပြုခြင်းအတွက် ကျပ် ၆၆ဝဝ သတ်မှတ်ထားပြီး ယင်း Package မှာမူ အင်တာနက်မြန်နှုန်း 2 Mbps ဖြင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ တစ်လလျှင် 500 MB အသုံးပြုခြင်းအတွက် ကျပ် ၁၉ဝဝ သတ်မှတ်ထားသော Package မှာ သုံးစွဲသူများ အကြားတွင် လက်ခံနိုင်ဖွယ် အနေအထားမျိုးဖြစ်ကြောင်း သိရသည်။

ပြည်ပအော်ပရေတာတွေလိုမျိုး တစ်မိနစ် ၂၅ ကျပ်နဲ့ တန်းတူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ပြည်ပဆက်သွယ်ရေး အော်ပရေတာတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်တဲ့အခါ သူတို့မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ကုန်ကျစရိတ်တွေလည်း အရမ်းကို များပြားပါတယ်။ MPT ကျတော့ရှိပြီးသား Infrastructure တွေ အပေါ်မှာ လုပ်ကိုင်လည်ပတ်နေတာဆိုတော့ ပိုပြီးဈေးလျှော့နိုင်မယ်လို့ ထင်ပါတယ် . . . . .

အူရီဒူး၏ ကနဦး အင်တာနက် အသုံးပြုခ သတ်မှတ်နှုန်းထားများမှာ နေ့စဉ် 30 MB အသုံးပြုခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅ဝဝ၊ တစ်ပတ်လျှင် 200 MB အသုံးပြုခြင်းအတွက် ကျပ် ၃ဝဝဝ၊ တစ်လလျှင် 1 GB အသုံးပြုခြင်းအတွက် ကျပ် ၁၂ဝဝဝ၊ 2 GB လျှင် ကျပ် ၁၉ဝဝဝ၊ 5 GB လျှင် ကျပ် ၄၅ဝဝဝ နှင့် 10 GB လျှင် ကျပ် ၇၉ဝဝဝ ဟု ကောက်ခံခဲ့သည်။ Facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့ သုံးစွဲနိုင်မည့် ပရိုမိုးရှင်း အစီအစဉ်များ ပါဝင်သော်လည်း ဈေးနှုန်းမှာ များပြားလွန်းကြောင်း ကျွမ်းကျင်သူများနှင့် သုံးစွဲသူများက ဝေဖန်မှတ်ချက် ပြုခဲ့ကြသည်။ ထို့နောက် တယ်လီနော၏ အင်တာနက်နှုန်းထားများ ထွက်ပေါ်လာချိန်တွင် အူရီဒူးက သူ၏နှုန်းထားများကို ပြင်ဆင်လျှော့ချခဲ့သည်။ ယခု MPT က သတ်မှတ်ထားသော အင်တာနက်နှုန်းထားများမှာ အူရီဒူး၏ ကနဦးနှုန်းထားနီးပါးခန့် များပြားလျက်ရှိပြီး ပြည်တွင်းရှိ သုံးစွဲသူများ၏ ဝင်ငွေနှင့် ကိုက်ညီသောနှုန်းထားမျိုး မဟုတ်ကြောင်း အများစုက ဝေဖန်ခဲ့ကြသည်။ ဖုန်းပြောခကို တစ်မိနစ်လျှင် ၅ဝ ကျပ်မှ ၃၅ ကျပ်သို့ လျှော့ချပေးခြင်းမှာ များပြားလွန်းသော အင်တာနက်နှုန်းထားနှင့် ပြန်လည်တွက်ချက်ပါက ထူးခြားမှုရှိတော့မည် မဟုတ်ဘဲ ယခင်ကထက်ပင် ဖုန်းဘီလ်ကုန်ကျစရိတ် ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင် သုံးစွဲခြင်းဖြင့် ရရှိနိုင်သော အင်တာနက်မြန်နှုန်းမှာ သီအိုရီအရ 42 Mbps ဖြစ်ပြီး ယခင်ပုံစံ မိနစ်အလိုက် ကောက်ခံခြင်းဖြင့် သုံးစွဲသူများမှာ 3G ကွန်ရက်အတွက် 256 Kbps, 2G ကွန်ရက်အတွက် 128 Kbps သာ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် သုံးစွဲသူများကို ဆွေသဟာသို့ ပြောင်းသုံးကြစေရန် ရည်ရွယ်ပါက နဂိုအတိုင်း သုံးစွဲနေသူများ၏ အင်တာနက်မြန်နှုန်းကို ထပ်မံလျှော့ချနိုင်ကြောင်း သုံးစွဲသူများက ခန့်မှန်းခဲ့ကြသည်။ လက်ရှိအချိန်၌ပင် နှေးကွေးလျက်ရှိသည့် မိုဘိုင်းဖုန်း အင်တာနက်မြန်နှုန်းမှာ ယခုထက် ပိုမိုနှေးကွေးပါက အဆင်ပြေတော့မည် မဟုတ်ကြောင်း သုံးစွဲသူများက ဆိုသည်။

“အခု MPT ကပေးတဲ့ ဝန်ဆောင်မှုက ပြည်သူတွေကို နားလည်ရခက်စေပါတယ်။ နောက်ထပ် အစီအစဉ် အသစ်တွေနဲ့ မိတ်ဆက်ပေးတယ် ဆိုပေမယ့် ပြည်သူတွေ အတွက်တော့ အဆင်မပြေနိုင်ပါဘူး။ နောက်တစ်ချက် ဖုန်းဘီလ်ကလည်း ပြည်သူတွေအတွက် အဆင်မပြေနိုင်တဲ့ အချက်တစ်ခုပါ။ အင်တာနက်ကောက်ခံမှု နှုန်းထားကလည်း များနေပါသေးတယ်။ ဒီအတိုင်း ဆိုရင်တော့ MPT ကို ကျွန်တော် ဆက်မသုံးတော့ပါဘူး” ဟု 2C2P ကုမ္ပဏီ မှ Head of Myanmar Operation ကိုငြိမ်းချမ်းစိုးဝင်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်အတွင်း အင်တာနက်သုံးစွဲသည့် အရေအတွက်မှာ ခုနစ်သန်းခန့်သာ အင်တာနက်သုံးစွဲခွင့် ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။ နောက်ထပ် အင်တာနက် အသုံးပြုမည့် သူများမှာလည်း မိုဘိုင်းဖုန်းကို အခြေခံ၍သာ သုံးစွဲကြဖွယ်ရှိပြီး ကျေးလက်ဒေသများမှ သုံးစွဲသူများ လက်လှမ်းမီ သုံးစွဲနိုင်ရန်အတွက် သင့်တင့်သောနှုန်းထားမျိုးဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

“ပြည်ပအော်ပရေတာတွေလိုမျိုး တစ်မိနစ် ၂၅ ကျပ်နဲ့ တန်းတူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ပြည်ပဆက်သွယ်ရေး အော်ပရေတာတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်တဲ့အခါ သူတို့မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ကုန်ကျစရိတ်တွေလည်း အရမ်းကို များပြားပါတယ်။ MPT ကျတော့ရှိပြီးသား Infrastructure တွေ အပေါ်မှာ လုပ်ကိုင်လည်ပတ်နေတာဆိုတော့ ပိုပြီးဈေးလျှော့နိုင်မယ်လို့ ထင်ပါတယ်။ အင်တာနက်နှုန်းထားက 1MB ကို ၁၅ ကျပ်ဆိုတာ များလွန်းပါတယ်။ ပြည်ပအော်ပရေတာတွေထက် ဈေးမသက်သာရင်တောင် တန်းတူဈေးနှုန်းမျိုးတော့ ဖြစ်သင့်ပါတယ်။ နောက်တစ်ခုက အင်တာနက်နှုန်းထားကို အဲဒီလိုကောက်ခံပြီး အင်တာနက်မြန်နှုန်းက အမှန်တကယ် ကောင်းနိုင်ပါ့မလား။ Package ယူမှ မဟုတ်ဘဲ အားလုံးကို တစ်ပြေးညီ ဈေးလျှော့ပေးလိုက်ရင် အကောင်းဆုံးပါပဲ” ဟု Myanmar Softgate Technology မှ ကိုရန်နောင်စိုးက ဝေဖန်သုံးသပ်သည်။

ဖုန်းခေါ်ဆိုခကတော့ ပြည်ပအော်ပရေတာတွေနဲ့ ယှဉ်ရင် များနေတာပေါ့။ Data Based ကောက်ခံတာကတော့ ပြည်ပအော်ပရေတာတွေလည်း ဒီလိုမျိုးပဲ ကောက်ခံတာဆိုတော့ အဲဒီအပေါ်မှာ ပြောစရာ မရှိပါဘူး။ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ ခုချိန်မှာ ဘယ်အော်ပရေတာက အကောင်းဆုံးလဲဆိုတာ ပြောဖို့ . . . . .

MPT ၏ အစီအစဉ်အသစ်များအပေါ် အွန်လိုင်းပေါ်တွင်လည်း ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိပြီး သုံးစွဲသူများမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်သောကြောင့် မျှော်လင့်ထားသည်များနှင့် တက်တက်စင် လွဲခဲ့ရကြောင်း ဖွင့်ဟပြောဆိုကြသည်။

MPT ၏ အစီအစဉ်အသစ်များ တွင် CDMA MHz ဖုန်းများ ပါဝင်ခြင်း မရှိသောကြောင့် CDMA ဖုန်း သုံးစွဲသူများမှာလည်း ခံစားနေရပြီး ဈေးနှုန်းတန်းတူ ပေးခဲ့ရသော်လည်း ဝန်ဆောင်မှု တန်းတူ ရရှိမှု မရှိသောကြောင့် MPT ၏ ဝန်ဆောင်မှုများအပေါ် အလွန်စိတ်ပျက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ CDMA ဖုန်းတွေကို လွှင့်ပစ်လိုက်ရတော့မလား။ ရောင်းတုန်းက အတူတူရောင်းခဲ့ပြီး ခုကျတော့ ဝန်ဆောင်မှုတွေ ကွဲပြားခြားနားနေတာမျိုးတွေ မဖြစ်သင့်ဘူးလို့ ထင်တယ်” ဟု CDMA 800 MHz ဖုန်းသုံးစွဲသူ ကိုဝေစိုးအောင်က ဆိုသည်။

“ဖုန်းခေါ်ဆိုခကတော့ ပြည်ပအော်ပရေတာတွေနဲ့ ယှဉ်ရင် များနေတာပေါ့။ Data Based ကောက်ခံတာကတော့ ပြည်ပအော်ပရေတာတွေလည်း ဒီလိုမျိုးပဲ ကောက်ခံတာဆိုတော့ အဲဒီအပေါ်မှာ ပြောစရာ မရှိပါဘူး။ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ ခုချိန်မှာ ဘယ်အော်ပရေတာက အကောင်းဆုံးလဲဆိုတာ ပြောဖို့ အရမ်းစောနေပါသေးတယ်” ဟု MIDO မှ ကိုနေဘုန်းလတ်က ပြောကြားသည်။

MPT ဖုန်း သုံးစွဲသူများ အနေဖြင့် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရန် မလိုတော့ခြင်း၊ ဆင်းမ်ကတ်များ ပျောက်ဆုံးပျက်စီးပါက ကျပ် ၁၅ဝဝ ဖြင့်ပင် ပြန်လည်ထုတ်ပေးမည်ဆိုခြင်း၊ ကျပ် ၁ဝဝဝ တန်နှင့် ကျပ် ၃ဝဝဝ တန် ငွေဖြည့်ကတ်များ ထွက်ပေါ်လာခြင်းတို့ကိုမူ သုံးစွဲသူများက ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် CDMA 800 MHz မိုဘိုင်းဖုန်းများကို ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်က စတင်ချပေးခဲ့ပြီး နံပါတ်အစမှာ ဝ၉၈ဝ ဖြင့် စတင်ကာ 800 MHz ကြိမ်နှုန်း အသုံးပြုထားသော မိုဘိုင်းဖုန်းဖြစ်သည်။ ဆက်သွယ်ရေးသွင်းဈေး ကျပ်ငါးသိန်းဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ကျပ် ၂၅ သိန်းမှ ကျပ် သိန်း ၅ဝ အထိ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် GSM ဖုန်းများကို ၂ဝဝ၂ ခုနှစ်တွင် စတင်ချပေးခဲ့ပြီး စတင်ငှားရမ်းပေးခဲ့စဉ်က ကျပ်ငါးသိန်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျပ် ၁ဝ သိန်း၊ နောက်ပိုင်း၌ ကျပ် ၁၅ သိန်းသို့ တိုးမြှင့်ပေးသွင်းခဲ့ရကြောင်း သိရသည်။

ထိုစဉ်က မိုဘိုင်းဖုန်းဆိုသည်မှာ ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်ခဲ့ပြီး ငွေကြေးချမ်းသာ ကြွယ်ဝသူများသာ ကိုင်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် မိုဘိုင်းဖုန်းဝယ်ယူခွင့် လျှောက်လွှာမှာ ပြန်လည်ရောင်းချပါက ကျပ်သိန်းချီ မြတ်စွန်းသောကြောင့် ဝယ်ယူခွင့်ကျသော်လည်း အခြားသူသို့ ပြန်လည်ရောင်းချခြင်းများ ခေတ်စားခဲ့ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းဖုန်းများအား ကျပ်ငါးသိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂ဝ၁၂ မတ် ၁၄ ရက်၌ ကျပ်နှစ်သိန်းဖြင့် ဈေးနှုန်း ထပ်မံလျှော့ချ ရောင်းပေးခဲ့သည်။ ၂ဝ၁၃ ဧပြီ ၂၄ တွင်မူ ကျပ် ၁၅ဝဝ တန် CDMA 800 ဖုန်းများကို မဲနှိုက်ရောင်းချပေးခဲ့ရာ အဆင်မပြေမှုများ ရှိခဲ့သည်။ ထို့နောက် ၂ဝ၁၄ စက်တင်ဘာ လဆန်းပိုင်းမှစ၍ ပြင်ပအရောင်းဆိုင်များတွင် လွတ်လပ်စွာ စတင်ရောင်းချပေးသည်ဟု ဆိုသော်လည်း အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိဘဲ မှောင်ခိုဈေးကွက် အတွင်း၌သာ ဈေးပိုပေးကာ ဝယ်ယူခဲ့ကြရသည်။ နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရန်ကုန်စာတိုက်ကြီးနှင့် Junction Square စသည့်နေရာတို့တွင် MPT သီးသန့် အရောင်းဆိုင်သဖွယ် ဖွင့်လှစ်ကာ တစ်ရက်လျှင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် လိုသလောက် ဝယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၎င်းတို့၏ အသာစီးရထားမှုအပေါ် သုံးစွဲသူများအတွက် ထည့်တွက်မစဉ်းစားပါက ရေရှည်တွင် သုံးစွဲသူများ၏ ဒဏ်ခတ်မှုကို ပြန်လည်ကြုံတွေ့ရဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်သည်။ လက်ရှိတွင် ပြည်တွင်းရှိ သုံးစွဲသူများ အနေဖြင့်လည်း အော်ပရေတာပေါင်းစုံ၏ ဆင်းမ်ကတ်ပေါင်းစုံကို ကိုင်ဆောင်ထားရပြီး မည်သည့်အော်ပရေတာ၏ ဝန်ဆောင်မှုကို အပြီးအပိုင် သုံးစွဲရမည်ကို မဆုံးဖြတ်နိုင်သေးကြောင်း သိရသည်။ လက်ရှိတွင်မူ သုံးစွဲသည့် အခြေအနေပေါ် မူတည်၍ ဆင်းမ်ကတ်ပေါင်းစုံကို ပြောင်းလဲသုံးစွဲနေကြရကြောင်း သိရသည်။

Eleven

No comments:

Post a Comment