Tuesday, January 13, 2015

MPT ၀န်ဆောင်ခလျှော့ချမှုတွင် ၇၃၊၄၉ ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများ ဝေဖန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၎င်း တို့၏ ဝန်ဆောင်ခကို လျှော့ချရန် ဆွေသဟာအစီအစဉ်ကို ဇန်န၀ါရီ လ ၉ ရက်က စတင်မိတ်ဆက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို အသုံးပြုနိုင်မည့် ဖုန်းများတွင် CDMA 800 MHz  နှင့် 450 MHz ဖုန်းများ မပါဝင်သဖြင့် အဆိုပါ ဖုန်းအသုံးပြုသူများက ဝေဖန်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင်  CDMA 800 MHz  နှင့် 450 MHz  ဖုန်းများမပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီလ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။



Mr. Nagashima က "လက်ရှိ MPT က ပေးမယ့် ဆွေသဟာအစီအစဉ်မှာ CDMA ဖုန်းတွေမပါဝင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ CDMA စနစ်ကို ဝန်ဆောင်မှုပေးဖို့အတွက် လိုအပ်ချက်တွေ ရှိပါတယ်။ ဒီစနစ်ကို ၀န်ဆောင်မှုပေးဖို့အတွက် အချိန်တစ်ခုလိုပါတယ်" ဟု ပြောကြားခဲ့သည်။

CDMA ကွန်ရက်သည် နည်းပညာအရ ဆက်သွယ်ရေးတာဝါများ စိုက်ထူရန်ခက်ခဲသည့်ဒေသများတွင် ကွန်ရက်လွှမ်းခြုံနိုင်ရန် အကောင်းဆုံး နည်းပညာဖြစ်သော်လည်း နိုင်ငံတကာတွင် အသုံးပြုမှု နည်းပါးသည့် နည်းပညာဖြစ်သည်ဟု ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်သည်။

၎င်းက "ကွန်ရက်စနစ်တွေထဲမှာ CDMA က တာဝါတစ်တိုင်ထူလိုက်ရင် နေရာအကျယ်ကြီးကို ကွန်ရက် လွှမ်းခြုံနိုင်တယ်။ တာဝါတိုင်ထူဖို့ခက်ခဲတဲ့ ဒေသတွေအတွက် ဒီစနစ်က ပိုပြီးအသုံးဝင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ ဒီစနစ်က အသုံးနည်းပါတယ်" ဟု သုံးသပ်သည်။

၇၃၊ ၄၉ စသည့်နံပါတ်များနှင့် စသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချထားပေးသည့် CDMA 800 နှင့် CDMA 450 ဖုန်းများသည် မြန်မာ့ဆက်သွယ်ရေးသို့ ကျပ် ငါးသိန်းပေးသွင်းကာ အသုံးပြုခွင့်ရရှိထားခြင်း ဖြစ်ပြီး ယခုကဲ့သို့ WCDMA နှင့် GSM  ဖုန်းများကိုသာ ၀န်ဆောင်ခ လျှော့ချမှုတွင် ထည့်သွင်းစဉ်းစားခြင်းသည် နယ်မြို့များရှိ အသုံးပြုသူများကို လျစ်လျူရှုခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းမှ CDMA 450 ဖုန်းအသုံးပြုသူ ကိုထက်အောင်ကျော်က ၎င်း၏ အမြင်ကို ဖွင့်ဟပြောဆိုလိုက်သည်။

ကိုထက်အောင်ကျော် က " မြန်မာနိုင်ငံမှာ ကျေးလက်နေလူထုက ၇၀ ရာခိုင်နှုန်းရှိတယ်။ ဒါကို နယ်တွေမှာ အများဆုံးအသုံးပြု နေတဲ့ CDMA ဖုန်းတွေကို ဈေးလျှော့ပေးတဲ့ အစီအစဉ်မှာ ထည့်မပေးဘူးဆိုတာ တမင်ခွဲခြားလိုက်တာပဲ။ ကျွန်တော်တို့ ဒီဖုန်းကို ရဖို့ ကျပ်ငါးသိန်း သွင်းခဲ့ရတာပါ။ အခုအချိန်မှာ ၁၅၀၀ နဲ့ ဖုန်းတွေထွက်လာတာတောင် CDMA 450 ဖုန်းတွေက ကျပ်တစ်သိန်းခွဲလောက် အထိ ပြင်ပပေါက်ဈေး ရှိပါတယ်" ဟု ဆိုသည်။

နယ်မြို့များတွင် GSM နှင့် WCDMA ကွန်ရက်ဝန်ဆောင်မှု လိုအပ်ချက်များရှိခြင်းကြောင့် အသုံးပြုမှုအတွက် အဆင်ပြေသည့် CDMA 450 ဖုန်းများကိုသာ ရွေးချယ်အသုံးပြုနေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိ CDMA 450 ဖုန်းအသုံးပြုသူတစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်း အတွင်းရှိ CDMA 800 MHz ဖုန်းအသုံးပြုသူတစ်ဦးကလည်း "၇၃ ဖုန်းကိုင်ထားတဲ့သူအနေနဲ့ လုံးဝမကျေနပ်ပါဘူး။ ဘယ်ပရိုမိုးရှင်းဖြစ်ဖြစ် ၇၃ ဖုန်းတွေအတွက် မပါဘူး။ သူတို့ရောင်းပေးထားတာဆိုတော့ သူတို့မှာ တာဝန်ရှိတဲ့အတွက် လုပ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။

CDMA ကွန်ရက်သုံးဖုန်းများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကလည်း ၃၀၊ ၃၁ နံပါတ်များနှင့် စသည့် ဖုန်းများကို ၀န်ဆောင် မှုပေးနေပြီး ယင်းတို့၏ ဖုန်းခေါ်ဆိုခနှင့် ၀န်ဆောင်မှုများကို ပရိုမိုးရှင်းများ ပြုလုပ်ပြီး လျှော့ချပေးနေသည်။

Mizzima

No comments:

Post a Comment