Monday, February 23, 2015

လုပ်ခတိုးပေးရန် တောင်းဆိုသည့် ရွှေပြည်သာ အလုပ်သမား နှစ်ဦး နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

လုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုသည့် ရွှေပြည်သာစက်ရုံများ သပိတ်မှောက်မှုတွင် ပါဝင်သော အလုပ်သမား နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်ထွေးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောသည်။

၎င်းးက '' ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက အလုပ်သမားတွေကို ဖမ်ဆီးတယ်ဆိုတာ မဟုတ်ပါဘူး။ အလုပ် ရှင်ဘက်က လာတိုင်ထားလို့ ခုလောလောဆယ်မှာ ၅ဝ၅(ခ)နဲ့ အမှုဖွင့်ပေးထားတာ နှစ်ဦးပဲရှိပါတယ်။ ကျွန်တော်တို့က ညှိနှိုင်းဖြေရှင်းဖို့ပဲ လုပ်ခဲ့တာပါ။ ဥပဒေအရပဲ လုပ်ဆောင်ခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဘာအီကွေ့မန့်မှ မပါဘူး။ တစ်ခုမှအကြမ်းမဖက်ခဲ့ဘူး။ ခဲတွေ၊ တုတ်တွေနဲ့ ပေါက်တာကို ကြံ့ကြံ့ခံခဲ့တယ်။ အဆင့်ဆင့် ဖြေရှင်းတယ်။ ညှိနှိုင်းလို့ မရတော့လို့သာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ''ဟု ဆိုသည်။



အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သော အလုပ်သမားညှိ နှီုင်းရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသော အလုပ်သမားနှစ်ဦးမှာ မြန်မာအီလန်ကုမ္ပဏီမှ ကိုမျိုးမင်းမင်းနှင့် ဖို့ထ်ဂလိုရီမှ ကိုနိုင်ဌေးလွင်တို့ ဖြစ်ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဟု ရွှေပြည် သာမြို့နယ် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုကြည်မင်းထက်က ပြောသည်။

''မနက်ဖန်အထိ အခြေအနေမထူးခြားရင်တော့ လူပျောက်တိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကိစ္စမှာ အလုပ်သ မားဘက်ကလည်း မှားကောင်းမှားမယ်။ ဘေးကနေပြီးတော့ နိုင်ငံရေးဇာတ်ထဲ ဆွဲသွင်းတဲ့သူတွေလည်းရှိ တယ်။ ဒီအပေါ်မှာ ခေါင်းဆောင်တွေက ပါသွားတယ်လို့ ထင်တယ်''ဟု ၎င်း က ပြောသည်။

''အလုပ်သမားက အလုပ်ရှင်ကို လုပ်ခလစာနဲ့ပတ်သက်ပြီး ဆန္ဒပြတာကို ၅ဝ၅ (ခ)နဲ့ တပ်လိုက်တာ မဖြစ် သင့်ဘူး။ ဒါက ဥပဒေကြောင်းအရ မညီညွတ်ဘူး''ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။ ၅ဝ၅ (ခ) မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က''စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်တော့ အလုပ်ရှင်က လာတိုင်ကြားတယ်။ အလုပ်သမားတွေ ဘက်ကိုလည်း မလုပ်နဲ့လို့ ပြောလို့မရဘူး။ ဒီတော့ အဆင်ပြေအောင် အလုပ်သမား ဘက်ကကိုတော့ ငြိမ်းစုစီလျှောက်လိုက်ပေါ့။ ပြီးတော့ စက်ရုံမျက်စောင်း ထိုးက စည်ပင်မြေကွက်မှာ သပိတ်စခန်းလုပ်ဖို့ ပြောင်းပေးတယ်။ စက်ရုံရှေ့က နေဖယ်ပြီး အဲဒီကိုသွားဖို့ ရဲတွေကပြောတယ်။ အလုပ်သမားတွေကလည်း ဖယ်ပေးတယ်။ ဒီချိန်မှာ ကားဘီးချော်တော့တချို့ကားပေါ် က ဆင်းပြေးတယ်။ ဒီချိန်မှာ အပြင်ကလူတွေက ခဲနဲ့ပေါက်တယ်။ ဒီလိုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်တာပါ။ ဒါတ ရားဥပဒေ စိုးမိုးမှုအားနည်း တဲ့သဘောပါ''ဟုပြောသည်။

သပိတ်စခန်းဖွင့်ခဲ့သည့် စက်ရုံများမှာ ဖို့ဂလိုရီ၊ အီလန်မြန်မာ၊ ကော့စတစ် အထည်ချုပ်စက်ရုံတို့ဖြစ်ပြီး လုပ် ခလစာ ညှိနှိုင်းမှုမှာ အလုပ်ရှင်နှင့် အလုပ်သမားရေးရာညှိနိုင်းဆွေးနွေးရေးအဖွဲ့မှ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သော်လည်း အလုပ်သမားများဘက်မှ ဆွေးနွေးဆဲဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

''ဖမ်းထားတဲ့ အလုပ်သမားခေါင်းဆောင် နှစ်ယောက်ကို ဖမ်းထားတာကနေ လုံးဝလွှတ်ပေးမှ လုပ်ခလစာ ညှိနှိုင်းမှုကို သဘောတူမယ်လို့ ဆုံးဖြတ်ထားတယ်''ဟု ရွှေပြည်သာမြို့နယ် အလုပ်သမားသမဂ္ဂအမှုဆောင် ကိုကျော်လွင်ဦးက ပြောသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ''ဥပဒေနဲ့အညီ ဆန္ဒပြကြပါ။ တကယ်ဆိုတရား ဥပဒေနဲ့ အညီပြောရရင် အဆင့်ဆင့်ဖြေရှင်းပြီး နောက်ဆုံးခုံသမာဓိဆုံးဖြတ်ချက်ကို မကျေနပ်မှ ဆန္ဒပြခွင့် ရှိတယ်။ ဒီလို ခဏခဏဆန္ဒပြနေရင် နိုင်ငံ့ပုံရိပ်ထိခိုက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက တခြားနိုင်ငံကိုပဲ ရောက် သွားလိမ့်မယ်။ ခုကိစ္စကိုပြောရရင်တော့ ကျွန်တော်တို့ကလည်း အကြိမ်ကြိမ်ညှိနှိုင်းပေးတယ်။ အလုပ်သမားတွေ လိုချင်တာနဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ညှိနှိုင်းမှုက ခြားနားမှုသိပ်မရှိတော့ မကြာခင်အဆင်ပြေမယ် ထင်ပါတယ်'' ဟု ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်ခလစာ သတ်မှုများပါက ရင်းနှီးမြှုပ်နှံသူများဘက်မှ ဝင်ရောက်လာမှု လျော့နည်းသွားနိုင်သလို၊ နည်းပါကလည်း အလုပ်သမားများဘက်မှ နစ်နာမည်ဖြစ်၍ မှန်မှန်ကန်ကန် သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင် အလုပ်သမားစစ်တမ်း ကောက်ယူပြီးမှသာ လုပ်ဆောင်နိုင်မည်ဟုလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေသည့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမများကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တို့က ထိန်းချုပ်ရန်ကြိုးစားရာမှ အဆိုပါညတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အလုပ်သမားနှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို အမှုဖွင့်ထားသည်။

မဇ္ဈိမ

No comments:

Post a Comment