Monday, February 23, 2015

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူ(၆၅)ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် ကူးတို့ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၆၅)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
လူပေါင်း (၁၀၀)ကျော်ကို တင်ဆောင်လာသည့် ရေယာဉ်သည် ပတ်ဒ်မား မြစ်ထဲတွင် ပိုက်ချ ငါးဖမ်းသင်္ဘော တစ်စီးကို ဝင်တိုက်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ဒါကာမြို့တော်မှ အနောက်မြောက်ဘက် ကီလိုမီတာ (၄၀)ခန့် အကွာတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူများအနက် ငယ်ရွယ်သည့် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရေယာဉ်ချင်း တိုက်မိပြီး ကူးတို့ယာဉ် နစ်မြုပ်သွားသည့်နောက် လူပေါင်း (၅၀)ခန့်သည် ကမ်းခြေထိ ဘေးမသီ ရန်မခ လွတ်မြောက်အောင် ကူးခတ်လာနိုင်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားသည့် ရေယာဉ် နစ်မြုပ်မှုနှင့် ဆက်နွှယ်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်ထိ ဆက်လက် လုပ်ဆောင်နေဆဲဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် မြစ်ကြောင်းသွားလာမှု ရေလမ်းခရီးစဉ်များ၌ မတော်တဆမှုများ ကြုံတွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သဖွယ် ရှိနေသည်။ အဓိကအားဖြင့် လှေများ၏ အရည်အသွေး ညံ့ဖျင်းခြင်းနှင့် မတန်တဆ လူတင်ဆောင်ခြင်းများကြောင့် ဖြစ်သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ဟာရွန်အာ ရာရှစ်ဒ်က ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းအထိ ရုပ်အလောင်း (၂၃)လောင်းထိ ရှာတွေ့ခဲ့သလို ကူးတို့ရေယာဉ်ကိုလည်း ဆယ်တင်စ ပြုနေပြီဟု ပြောကြားခဲ့သည်။ “လှေကိုယ်ထည်ထဲမှာ နောက်ထပ် အလောင်းတွေ ပိတ်မိနေနိုင်ပါသေးတယ်။ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်ဆောင်နေဆဲပါ”ဟု ရာရှစ်ဒ်က ဆိုသည်။
ရဲတပ်ဖွဲ့သည် ငါးဖမ်းသင်္ဘောကို ဖမ်းဆီးခဲ့ပြီး သင်္ဘောပေါ်မှ ရေလုပ်သား နှစ်ဦးကိုလည်း ထိန်းသိမ်းထားလိုက်ကြောင်း သိရှိရသည်။
7 Day Daily

No comments:

Post a Comment