Tuesday, February 24, 2015

အစိုးရစစ် အဋ္ဌမတန်းစာမေးပွဲ သင်္ချာမေးခွန်း ပေါက်ကြားမှု ဖြစ်ဟုဆို

မန္တလေးတိုင်းဒေသကြီး အခြေခံပညာအဋ္ဌမတန်းစာမေးပွဲ တွင် သင်္ချာဘာသာရပ်မဖြေဆိုမီ တစ်ရက်က မေးခွန်းလွှာကြိုတင် ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးမြို့ ပညာရေးအသိုင်း အဝိုင်းမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းလွှာမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပသို့ပေါက်ကြားနေပြီး မန္တလေးဒေသခံတက္ကသိုလ် ဆရာအချို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြထားခြင်းဖြစ်သည်။



‘‘ကျွန်တော်တို့စစ်ဆေးကြည့်ရှုပြီးပါပြီ။ ဖေ့စ်ဘွတ်ခ်မှာ ရှယ်(ဖြန့်ဝေ)ထားတဲ့အတိုင်းပါပဲ။ မေးခွန်းကကြိုပေါက်နေတာပါ။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကျောင်းစစ်တွေတုန်းကတောင် အဲဒီလိုဖြစ်လေ့ မရှိပါဘူး’’ဟု မန္တလေးမြို့မှ ပုဂ္ဂလိကဆရာ ဦးလှမိုးကပြောသည်။

မန္တလေး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ သင်္ချာမေးခွန်းလွှာကြိုတင်ပေါက် ကြားနေမှုနှင့်ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အထက်ပါ အကြောင်းကို မသိရှိကြောင်းနှင့် တာဝန်ရှိလူကြီး အပြင်သွား ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီး အနောက်ပိုင်းခရိုင်၏အခြေ ခံပညာ စတုတ္ထတန်း သင်္ချာဘာ သာရပ်၏ အဖြေမှန် ရွေးချယ်ရ သော မေးခွန်းနံပါတ်(၁)တွင် အဖြေမှန်စာလုံး မကွဲပြားမှုကြောင့် စာမေးပွဲကြီးကြပ်သော ဆရာမများက အဖြေမှန်ကိုပြင် ဆင်ဖြေဆိုစေခဲ့ကြောင်း ကျောင်း သားများကပြောသည်။

ယခုပညာသင်နှစ်မှစတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းဆုံး စာမေးပွဲများကို ခရိုင် နှင့်တိုင်းစစ်အဖြစ် စစ်ဆေးသော် လည်း အအောင်၊ အရှုံးသတ်မှတ် မည်မဟုတ်ဘဲ အောင်မှတ်မရသူ များ အနေဖြင့် ပြန်လည်ဖြေဆိုရသော စနစ် ကျင့်သုံးမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားထားသည်။

မန္တလေး တိုင်းဒေသကြီး၊ မန္တလေးခရိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ဆေးခဲ့သော စတုတ္ထတန်းမြန်မာစာမေးခွန်းတွင် စာလုံးပေါင်းသတ်ပုံ မှားယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲ စနစ်များစတင်ပြောင်းလဲကျင့်သုံးသော အချိန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment