Tuesday, February 24, 2015

လစာတိုးပေးရန် အကြမ်းဖက် ဆန္ဒပြ တောင်းဆိုသူများနှင့် သွေးထိုးလှုံ့ဆော်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်


လုပ်ခလစာတိုးမြှင့်ရေး အတွက် အကြမ်းဖက်ဆန္ဒပြ တောင်းဆိုမှုများတွင် ပါဝင်ပတ် သက်သူများနှင့် သွေးထိုးလှုံ့ဆော် သူများကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။



အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုများကို ဆက် လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆိုဆန္ဒပြမှုများ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ကို ထပ်မံသတိပေးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ရွှေပြည်သာ စက်မှုဇုန်နှင့် လှိုင်သာယာ စက်မှုဇုန်များတွင် အလုပ်ရှင်၊ အလုပ်သမားအငြင်း ပွားမှုများကို ဥပဒေနှင့်အညီ ဖြေ ရှင်းခြင်းမပြုဘဲ စက်ရုံပြင်ပ၌ပိတ်ဆို့ဆန္ဒပြမှုများကြောင့် နိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျသွားနိုင်ကာ နိုင်ငံ၏ လုပ်သားဈေးကွက်ကို ထိခိုက်စေ နိုင်ကြောင်း ၀န်ကြီးဌာန၏ ထုတ် ပြန်ချက်တွင် ပါရှိသည်။

လက်ရှိဆန္ဒပြမှုများဖြစ်ပေါ် နေသည့် စက်ရုံများတွင် လုပ်ငန်း မဆောင်ရွက်နိုင်သည်မှာ ၁၄ ရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ လုပ်ငန်း ရပ်ဆိုင်းနေမှုကြောင့် လုပ်ခမရကြသဖြင့် အလုပ်သမား အများစု စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ စက်မှုဇုန်နှင့် လှိုင်သာယာစက်မှု ဇုန်များရှိ Red Stone အထည် ချုပ်စက်ရုံ၊ Costec အထည်ချုပ် စက်ရုံ၊ Ford Glory အထည်ချုပ် စက်ရုံ၊ E Land Myanmar အထည်ချုပ်စက်ရုံနှင့် တိုင်ရီဖိနပ် စက်ရုံများတွင် လုပ်ခလစာတိုး မြှင့်ရေးအတွက် ဆန္ဒပြတောင်းဆို မှုများရှိခဲ့ကြောင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

‘‘ကျွန်တော်တို့ အလုပ်သ မားတွေက ဥပဒေနဲ့အညီ တောင်း ဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ် သွားမယ်။ အဲဒီအပေါ်မှာ ဒီလ ၂၀ ရက်နေ့လိုမျိုး အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိလာမယ်ဆိုရင် တော့ အလုပ်သမားတွေက ဥပဒေနဲ့အညီ သက်ဆိုင်ရာတရားရုံး တွေမှာ အကြမ်းဖက်မှုကို ညွှန် ကြားတဲ့သူတွေကို တရားစွဲဆို သွားမယ်။ အခုစက်ရုံသုံးခုပေါင်း ပြီးတော့ သပိတ်စခန်းကို E Land Myanmar စက်ရုံဝင်ပေါက်နဲ့ ဝေးတဲ့နေရာမှာ ဖွင့်ထားပါတယ်’’ ဟု အလုပ်သမားသပိတ်စုပေါင်း ကော်မတီဝင် တစ်ဦးက ပြော သည်။  ဖေဖော်ဝါရီ ၂၀ ရက်က ရန် ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် တွင် လုပ်ခလစာတိုးမြှင့်တောင်း ဆိုနေသော အလုပ်သမားသပိတ် စခန်း သုံးခုကို ရဲတပ်ဖွဲ့က ၀င် ရောက်စီးနင်းခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် ဆန္ဒပြအလုပ်သမားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

7 Day Daily

No comments:

Post a Comment