Saturday, February 28, 2015

အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား


နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။   လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့်
နေအိမ်အား ယခုအချိန်အထိ ဖယ်ရှားပေးခြင်းမရှိသဖြင့် ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားရင်ဆိုင်လျက် ရှိကြောင်းသိရ သည်။ “ကျူးကျော်ဆိုပြီး စည်ပင်ပုဒ်မ ၂၆ နဲ့ စွဲတယ်။ဒီနေ့ အမိန့်ချမယ်တဲ့။ ဒီနေ့အမိန့်ချတာကို မခံနိုင်သေးတဲ့အတွက် တရားသူကြီးကို ပြောပြမယ်။အဘွားက ကျန်းမာရေးမကောင်းဘူး။ ယားနာတွေပေါက်နေလို့ ဆေးထိုးနေတာ တစ်လလောက်ရှိပြီး။ အခုတရားရုံးလာတာကလည်း ဘာမှမပါပဲနဲ့ လာတာ။ ရုံးချိန်းက တစ်နှစ်လောက်တော့ရှိပြီ။ ဖရဲသီး၊ ဆီးသီးရောင်းပြီး မရှိမဲ့၊ရှိမဲ့နဲ့ တရားရုံးလာရတာ။အဘွားနေတာ ၂ဝဝ၉ ခုနှစ်ကတည်းက နေတာ။စည်ပင်ကလည်း ကျူးကျော်ဆိုပြီး ဖျက်ခိုင်းတယ်။ နေစရာမရှိလို့ မဖျက်ပေးနိုင်ဘူး။ ဝိုင်းကွက်ကလေး ပေးမယ်၊ လျော်ကြေးလေးပေးမယ်၊ ရွှေ့ပြောင်းစရိတ်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်လို့ အဘွားပြောထားပါတယ်။ ထောင်ထဲရောက်လို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရမလဲ။ အားကိုးစရာလည်း မရှိဘူး။ အဘွားနေရာမှာပဲ နေချင်တယ်။သေချင်တယ်”ဟု အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်က အမိန့်မချမီ ပြောကြားခဲသည်။   ဆက်လက်၍ “အဘွားက သမ္မတနဲ့တွေ့မယ်ဆိုရင် ပြောချင်တယ်။ ပုဒ်မ ၂၆ ဘယ်လိုကြောင့် တရားစွဲတာလဲ။ အဘွားတို့ မြန်မာပြည်သားအစစ်ပဲ။ သမ္မတကြီးပြောပြောနေတဲ့ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာ ဆင်းရဲသားပပျောက်လို့လဲ။ သမ္မတကြီးကမှ နေစရာလေး ချမပေးရင် အဘွားတို့ဘယ်နားနေရမှာတုန်း။ သမ္မတကြီးပြောတာကို တီဗွီမှာလည်း ကြားဖူးတယ်။ ရေဒီယိုထဲမှာလည်း ကြားဖူးတယ်။ပြောတာနဲ့က တခြားစီ ဖြစ်မနေဘူးလား။သူတို့ကျတော့ တိုက်နဲ့ကားနဲ့နေလို့။အဘွားတို့ကျတော့ ထောင်ချနေတာ။ စဉ်းစားပေးကြည့်ပါဦး။ ကိုယ့်ဟာနဲ့ကိုယ် အဖြစ်ခံနေရတာ ဝမ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ်။သမ္မတကြီးနဲ့တွေ့ရင် ဒူးထောက်ပြီး တောင်းပန်မယ်။အဘွားတို့နေတဲ့နေရာ မှန်တဲ့အကြောင်းကို ပြောပြချင်တယ်”ဟု အဘွားအို ဒေါ်တင်လှိုင်က ပြောကြားသည်။ နေပြည်တော်စည်ပင်သာယာရေးတရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက အဘွားအို ဒေါ်တင်လှိုင်အား စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ရာ၌ ဒေါ်တင်လှိုင်မှာ တရားရုံးထဲတွင် သတိလစ်သွားသည့်အထိ ဖြစ်ခဲ့ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။   အသက် ၈၂ နှစ်အရွယ်ရှိ ဒေါ်ညိုက“အမေ့လယ်ထဲ အမေနေတာကို ကျူးကျော်ဆိုပြီး ပုဒ်မ ၂၆ နဲ့ တရားစွဲ ထောင်ချတယ်။ ဖယ်ပေးရင် ဘယ်သွားနေရမလဲ။ အမေ့ကို ထောင်တစ်လချပြီး ပြန်လွတ်လာတော့ ရက် ၂ဝ ကြာမှာ ပုဒ်မ ၂၇ နဲ့ပြန်တရားစွဲတယ်။ ဒီနေမှာ နှစ်ပေါင်းလေးဆယ်လောက် နေလာတာပါ”ဟု ပြောကြားသည်။   “တရားသူကြီးကလည်း ညှာတာထာက်ထားတာ မရှိဘူး။အမေ့ကို သူတို့ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်သွားတာ။ ကျွန်မကို အထဲဝင်မခံဘူး။ အမေ့မှာ ရောဂါရှိတယ်။ဒီနေ့တော့ ချက်ချင်လိုက်မသွားနိုင်ဘူး။ နောက်နေ့မှပဲ ရမည်းသင်းထောင် လိုက်သွားရမှာ”ဟု ဒေါ်တင်လှိုင်၏ သမီးဖြစ်သူက ပြောသည်။ စည်ပင်တရားသူကြီး ဒေါ်မိမိသန်းမှ ပုဒ်မ ၂၆ ဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်း နှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်အား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment