Monday, February 2, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသောဆွေးနွေးမှုဖြစ်စေရေး ကျောင်းသားများက သပိတ်တွင် ပါဝင်သူများကို အရေးမယူရန်အပါအ၀င် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘော တူညီမှုရသည့်အတွက် နေပြည်တော်တွင် ဆက်လက်ဆွေးနွေးရမည်


အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသော ဆွေးနွေးမှု ဖြစ်ပေါ်စေရန်အတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (သပိတ်မှောက်ကျောင်းသား) များက သပိတ်တွင် ပါဝင်သူများကို အရေးယူခြင်းမပြုရန်အပါအဝင် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘောတူညီမှုရရှိသည့်အတွက် နေပြည်တော်တွင် ဖေဖော်ဝါရီ ၃ ရက်၌ ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။


မူလက ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီ (သပိတ်မှောက် ကျောင်းသားများ)တောင်းဆိုထားသော ၁၁ ချက်ကို ဆွေးနွေးခြင်း မပြုရသေးမီ ယုံကြည်စိတ်ချရသောခိုင်မာသည့် ဆွေးနွေးပွဲဖြစ်စေရန် အတွက် ကော်မတီဝင် ကျောင်းသားကိုယ်စားလှယ် များက စည်းကမ်းချက် ကိုးချက်ကို အရင်ဆွေးနွေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊  ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ အပါအဝင် သမ္မတရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ဘက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ NNER ဘက်မှ ဒေါက်တာသိန်းလွင်အပါအဝင် တတ်သိပညာရှင်များ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၎င်းအနေဖြင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ပေါ်စေရန်နှင့် ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်ကို ဆွေးနွေးအဖြေရှာရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ခုကို လွှတ်တော်သို့ တင်သွင်းပြီး ကျောင်းသားများ လိုလားတောင်းတသည့် အချက် ၁၁ ချက် ကို ဆွေးနွေးအဖြေရှာရန် ပြောကြားခဲ့ကာ ဆွေးနွေးပွဲ ပထမပိုင်းစတင်ပြီးချိန်မှာပင် ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

ကော်ဖီသောက်နားချိန်အပြီး ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ကျောင်းသားကိုယ်စားလှယ် မဖြိုးဖြိုးအောင်က အကြိုစည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးရန် ပြောကြားခဲ့သည်။  

ထို့နောက် မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော အစိုးရအဖွဲ့က ကျောင်းသားများတင်သွင်းသော စည်းကမ်းချက် ကိုးချက်တွင် ပထမ သုံးချက်ကို ချက်ချင်းသဘောတူခဲ့သည်။ ထို့နောက် ကျန် အချက်များကို ဆွေးနွေးရာ ကျောင်းသားသမဂ္ဂဆိုသည့် စကားလုံးအသုံးအနှုန်းမှအစ အငြင်းအခုံပြုလုပ်ဆွေးနွေးခဲ့ရပြီး ည ၇ နာရီအထိ ဆွေးနွေးခဲ့ရသည်။

ကျောင်းသားများ တောင်းဆိုသော အချက်ကိုးချက်မှာ (၁) ဆွေးနွေးပွဲ တစ်ကြိမ်ပြီးတိုင်း သဘောထားထုတ်ပြန်ချက်များ ပူးတွဲထုတ်ပြန်ရန်  (၂) ဆွေးနွေးပွဲအကြောင်းအရာကို ပြည်သူလူထုသို့ လွတ်လပ်စွာ သတင်းထုတ်ပြန်ရန်၊ ဆွေးနွေးပွဲအတွင်း တန်းတူညီမျှ အခွင့်အရေးရှိရန် (၄) သဘောတူညီမှု သည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရန် (၅) လက်ရှိဖွဲ့ စည်းထားသော ကျောင်းသားဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာအသိအမှတ်ပြုရန် (၆) ပညာရေးမူဝါဒနှင့် ဥပဒေများ နည်းဥပဒေများ ရေးဆွဲရာတွင် ကျောင်သားကိုယ်စားလှယ်များ၊ ဆရာကိုယ်စားလှယ်များပါဝင်ရန် (၇) ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမှ သပိတ်နှင့်ပတ်သက်ပြီး အရေးယူခြင်းမပြုရန် (၈) ကျောင်းသားပြည်သူများ ကျေနပ်သော ပညာရေးဥပဒေကြမ်း နည်းဥပဒေများ ဆက်စပ်ဥပဒေများကို ရက် ၃ဝ အတွင်းဆွေးနွေးမှု ရရှိလာရန် (၉)လွှတ်တော်မှ အတည်ပြုလာလျှင်လည်း ကျောင်းသားထု၏ လိုလားချက်နှင့် ကိုက်ညီမှုရှိရန်တို့ ဖြစ်သည်။

ထိုသို့ ဆွေးနွေးပြီးသည့်နောက်  လေးပွင့်ဆိုင် ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ပထမ အချက် သုံးချက်ကို အဓိပ္ပာယ်မလွဲစေဘဲ အနည်းငယ်သာပြင်ပြီး  သဘောတူခဲ့သည်။ (၄) အချက်တွင် သဘောတူညီမှုသည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရန်နေရာ၌ ကျောင်းသားကိုယ်စားလှယ်များ တင်ပြထားသည့် အချက် (၁၁) ချက်ပေါ်တွင် အခြေခံရမည်ဟု ပြင်ဆင်ခဲ့သည်။ (၅) အချက်တွင် လက်ရှိဖွဲ့စည်းထားသော ကျောင်းသား၊ ဆရာသမဂ္ဂများကို အသိအမှတ်ပြုသည့် သမဂ္ဂဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားမည်ဟု ပြင်ဆင်ခဲ့သည်။ (၆) အချက်ကို အပြင်အဆင်မရှိဘဲ သဘောတူခဲ့သည်။

သို့ရာတွင် သပိတ်တွင် ပါဝင်သူများကို အရေးမယူရဆိုသည့်အချက်တွင်မူ ထပ်မံဆွေးနွေးရဦးမည်ဟု သိရသည်။ (၈) တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရမည်။ ကျောင်းသား ပြည်သူများ ကျေနပ်လက်ခံသော ပညာရေးဆိုင်ရာ ဆက်စပ်ဥပဒေကြမ်းများကိုရက် ၃ဝ အတွင်း ဆွေးနွေးဆောင်ရွက်သွား မည်ဟု ပြင်ဆင်ခဲ့သည်။ (၉) တွင်မူ လွှတ်တော်မှ ပညာရေးဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုရာတွင် ကျောင်းသားထု၏ လိုလားချက်များနှင့် ကိုက်ညီမှုရှိစေရန် တိုက်တွန်းသည်ဟုသာ ပြင်ဆင်သည့်အတွက် ခုနစ်ချက် သဘောတူညီမှု ရရှိခဲ့ပြီး ကျန်နှစ်ချက်ကို နေပြည်တော်၌ ဖေဖော်ဝါရီ ၃ ရက် တွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။

“သမဂ္ဂဆိုတဲ့ စကားလုံးအပေါ်မှာတောင်မှ အကြောက်အကန် ကာကွယ်နေတယ်ဆိုတော့ ပညာရေးစနစ်ပြောင်းလဲဖို့ကတော့ တော်တော်ကို ခက်ပါမယ်”ဟု အမျိုးသားပညာရေး ပြုပြင်ပြောင်း လဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဒေါက်တာ သိန်းလွင်က ပြောကြားသည်။

“လွှတ်တော်ကို ဒီဥပဒေကြမ်း ပြန်ရောက်လာရင်တော့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအညီ ကျွန်တော်တို့ဘက်ကလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

“နေပြည်တော်မှာထုတ်တဲ့ အဲဒီ့ စတိတ်မန့်ထဲမှာ ဒီနေ့ ဆွေးနွေးပွဲလုပ်တဲ့နေ့မှာ သပိတ်တွေ ရပ်ရမယ်လို့ ရေးထားပြီးသားပါ။ ဒါကတော့ ကျွန်တော့်အပိုင်းပဲ ဖြစ်တယ်။အဲဒီတော့ ကျွန်တော်ပြောတာ ပုပ္ပားအထိတာ ဝန်ယူမယ်။ ပုပ္ပားကျော်လာရင်တော့ ကျွန်တော်လည်း တာဝန်မယူနိုင်တော့ဘူး။ ကျွန်တော်က ကြားကဝင်ပြီး ဆောင်ရွက်ပေးတာဖြစ်တယ်။ အောင်မြင်စေချင်လို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒါကြောင့်လည်း ဒီနေ့ ခင်ဗျားတို့ မျက်စိရှေ့တင်ပဲ သူတို့ပြောတဲ့ Pre Condition  အချက် ကိုးချက်မှာ ခုနစ်ချက်လောက်ကို ကျွန်တော်အကြမ်းဖျင်း သဘောတူတယ်။ နှစ်ချက်လောက်ပဲ ကျန်တယ်”ဟု ဦးအောင်မင်းက ပြောကြားသည်။

“ ကျောင်းသားတွေ တောင်းဆိုတဲ့ အကြို စည်းကမ်းချက်တွေကိုတောင်မှ ဆွေးနွေးပွဲကနေ အပြည့်အဝမရခဲ့ပါဘူး။ ဒီမိုကရေစီပညာရေးအတွက် အာမခံချက် တစ်စုံတစ်ရာမရှိရင်တော့ သပိတ်စစ်ကြောင်းတွေက ဆက်သွားနေမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို ဖြစ်မှာစိုးတဲ့ အတွက်လည်း အကြိုစည်းကမ်းချက်တွေမှာ ရက် ၃ဝ အတွင်းဆိုတာ ထည့်ထားပါတယ်”ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗ.က.သ များအဖွဲ့ ချုပ်မှ ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment