Sunday, February 1, 2015

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေး


အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ‘၀’ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) (မိုင်းလားအဖွဲ့) မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကိစ္စပဲ သွားဆွေးနွေးတာ ပြန်မရောက်ကြသေးတော့ အသေးစိတ်မသိသေးဘူး’’ဟုကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က တိုင်းရင်းသားများထံ ကမ်းလှမ်းခဲ့သည်။
သို့သော် လက်ရှိအခြေအနေအရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့( NCCT)တို့၏ ဆွေးနွေးပွဲ ပြန်လည် မကျင်းပနိုင်သဖြင့် လာမည့်ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ခက်ခဲနေသည်။
သို့သော် KNU နှင့် RCSS/SSA အဖွဲ့ အပါအ၀င်အချို့သော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအနေဖြင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးလက်မှတ်ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲများ အမြန် စတင်လိုသည့် စိတ်ဆန္ဒရှိနေကြသည်။
ထို့ကြောင့် ဇန်န၀ါရီလလယ်က RCSS/SSA မှ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် နှစ်လယ်ပိုင်းကလည်း ကရင်အမျိုးသားအစည်း အရုံးမှ တာဝန်ရှိသူများသည် UWSA နှင့် မိုင်းလားအဖွဲ့များထံ သွားရောက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် စည်းရုံးခဲ့သည်။
ယခုတွေ့ဆုံပွဲကို မိုင်းလား အဖွဲ့ ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး KNU ဥက္ကဋ္ဌ၏ စစ်ရေးနိုင်ငံရေး အကြံပေး ဦးထူးထူးလေးနှင့် RCSS/SSA မှ အတွင်းရေးမှူး (၂) စိုင်းလောင်စိုင်းတို့ ဦးဆောင်၍ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment