Tuesday, February 24, 2015

ဆန္ဒပြ အလုပ်သမားများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ကြေညာချက် အသီးသီး ထုတ်ပြန်

ဆန္ဒပြ အလုပ်သမားများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနတို့သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာသည်။

အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့် လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုများ ပိုမိုအားကောင်းလာခဲ့ကာ အလုပ်သမားသပိတ် အသွင်ဖြင့် အရေးဆိုမှုများ
ရှိလာခဲ့သဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရဲတပ်ဖွဲ့က အလုပ်သမား သပိတ်စခန်းအား အင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့တို့မှ အလုပ်သမား အချို့တို့သည် လုပ်အားခ တိုးရလိုမှုနှင့် စပ်လျဉ်း၍ ဆန္ဒပြ တောင်းဆိုမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့သည် သက်ဆိုင်ရာ စက်ရုံအသီးသီးမှ အလုပ်ရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်များအား ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်၍ သတိပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ စက်ရုံသုံးရုံရှေ့၌ ယာယီတဲများထိုး၍ ညအိပ်ခြေပြုကာ ပိတ်ဆို့ဆန္ဒပြနေသော အစုအဖွဲ့များကိုလည်း မြို့မိမြို့ဖများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့များက ညှိနှိုင်းဖျန်ဖြေ ဆွေးနွေးမှုများကြောင့် စက်ရုံနှစ်ခုရှေ့မှ ယာယီတဲများနှင့် အစုအဖွဲ့များကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သော်လည်း ကျန်စက်ရုံတစ်ရုံရှေ့ရှိ အစုအဖွဲ့များမှာမူ ပြင်ပမှ ဆူပူလိုသူများနှင့် ပေါင်းမိပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်လာသောကြောင့် တာဝန်ရှိသူများက တည်ဆဲဥပဒေနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ရာ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ယနေ့အချိန်တွင် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံမှအပ ကျန်ဆန္ဒပြ စက်ရုံအားလုံး ပြေလည်မှုများ ရရှိကာ အလုပ်သမားများ အနေဖြင့် လုပ်ခလစာ တိုးမြှင့်ရရှိပြီး အလုပ်ရှင်များ အနေဖြင့်လည်း စက်ရုံများ ဆက်လက်လည်ပတ် ဆောင်ရွက်နိုင်ခဲ့ပြီကြောင်းနှင့် တာဝန်ရှိသူများ အနေဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်တောင်းဆို ဆန္ဒပြမှုများ၊ အဖျက်အမှောင့် ပြုလုပ် ပိတ်ဆို့မှုများ အပါအ၀င် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် လက်ရှိဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် စက်ရုံများမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ နိုင်ငံခြားသားများက လာရောက်ရင်းနှီး လုပ်ကိုင်နေကြသော စက်ရုံများဖြစ်ပြီး လုပ်ငန်းမဆောင်ရွက်နိုင်သည်မှာ ရက်သတ္တနှစ်ပတ်ခန့် ရှိနေပြီဖြစ်၍ အာမခံထားသော ကုန်ထုတ်လုပ်ငန်းများအား မဆောင်ရွက်နိုင်ခြင်းကြောင့် အဆိုပါ စက်ရုံများ အနေဖြင့် ၀င်ငွေ မရရှိတော့ခြင်း၊ ကုန်အမှာစာများ ပယ်ဖျက်ခံရခြင်း၊ နောက်ထပ် ကုန်အမှာစာများ မရရှိတော့သဖြင့် ရှေ့ဆက် လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ ရှိနေခြင်းနှင့် လုပ်ငန်းအမည်ပျက်စာရင်း တင်သွင်းခံရတော့မည့် အခြေအနေ ရှိနေခြင်း စသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသကဲ့သို့ လုပ်ငန်းရပ်ဆိုင်းနေရမှုကြောင့် လုပ်ခမရကြသဖြင့် အလုပ်သမား အများစုတွင် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။      

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ညှိနှိုင်း‌ ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်‌ မညီသော အကြမ်းဖက် တောင်းဆိုမှုများ၊ ပိတ်ဆို့ ဆန္ဒပြမှုများ အပါအ၀င် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုလုပ်သူများအား တည်ဆဲဥပဒေများနှင့်‌အညီ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် သတိပေးထားသည်။

Eleven Media Group

No comments:

Post a Comment