Tuesday, February 24, 2015

စစ်မက်ဖြစ်ပွားရာ ဒေသများအကြောင်း သတင်းရယူ တင်ပြရာတွင် မည်သည့်ခြိမ်းခြောက်မှုမှ မရှိစေရေး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် အမြန်ဆုံးဆွေးနွေးရန် PEN Myanmar တိုက်တွန်း

စစ်မက်ဖြစ်ပွားရာ ဒေသများအကြောင်း သတင်းရယူတင်ပြရာတွင် မည်သည့်ခြိမ်းခြောက် မှုမျိုးမှ မရှိစေရေး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော်တို့ အမြန်ဆုံးဆွေးနွေးရန် တိုက်တွန်းသည့် သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး လွတ်လပ်စွာရေးသား ထုတ်ဖော်ပြော ဆိုခွင့်ကို ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ဖြစ်သော PEN Myanmar က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သတင်းသမားများ သတင်းရယူရာ၌ ခြိမ်းခြောက်ခံနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး PEN Myanmar က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



ယင်းထုတ်ပြန်ချက်၌ လောက်ကိုင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားလာရာ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ပြဋ္ဌာန်း လိုက်သဖြင့် စစ်အုပ်ချုပ်ရေးအရ ချမှတ်မည့် ပြစ်ဒဏ်များမှာ တည်ဆဲဥပဒေပါ ပြစ်ဒဏ်များနှင့် ကွဲလွဲခြင်း၊ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်ခြင်း ရှိလာကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသော စစ်အုပ်ချုပ်ရေးအရ တရားစီရင်ဆုံးဖြတ်ခြင်းကသာ အခြားဥပဒေများအား လွှမ်းမိုးမည်ကိုလည်း စီရင်ထုံးများအရ သဘောပေါက်ရကြောင်း ဖော်ပြထားသည်။

သို့ရာတွင် ထိုသို့တိုက်ပွဲများဖြစ်ပွား နေမှုနှင့်ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့မှာ သောင်းကျန်းသူအဖွဲ့ ဖြစ်ကြောင်း၊ ပုဒ်မ ၁၇ (၁) မတရားအသင်းများနှင့် ဆက်သွယ်သူများအား အရေးယူနိုင်သည့် ဥပဒေလည်း ရှိနေကြောင်း၊ ထို့ကြောင့်ကိုးကန့် လက်နက်ကိုင်များအား သတင်းကိစ္စအလို့ငှာ ဆက်ဆံသင့် မသင့်ကို စဉ်စားရန် မီဒီယာသမားများ၏ မေးမြန်မှုအပေါ် ပြန်လည်ဖြေကြား ခဲ့ကြောင်း၊ သတင်းမီဒီယာ ဥပဒေအရ သတင်းသမား တစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာနေရာ ဒေသတို့၌ သက်ဆိုင်ရာ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ် (က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ် စေရမည်။ (ခ) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဟု ဖော်ပြပါရှိကြောင်း PEN Myanmar ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်သူများ၏ သတင်းရပိုင်ခွင့်ကို ဖြည့်ဆည်းရာတွင် သတင်းဘက်မလိုက်မှု၊ မျှတမှုတို့ကို အခြေခံရမည့်နည်းတူ နိုင်ငံ၏ အချုပ်အခြာအာဏာကိုလည်း မထိပါးစေရဟူသည်ကို သတင်းသမားများ သဘောပေါက်နားလည်ပြီး ဖြစ်သည်ဟု ယူဆကြောင်း၊ လောက်ကိုင်အရေးတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသမျှ ပြည်သူတို့အနေဖြင့် ဖြစ်ရသည့် အကြောင်းအရင်းမှာ ပြည်တွင်းနိုင်ငံရေး ပြဿနာကြောင့်လော၊ ပြည်ပအိမ်နီးချင်းက လှည့်စားသည့် ပြဿနာကြောင့်လော စသဖြင့် အကြောင်းအရင်းကို လည်းကောင်း သိနိုင်ရန်လိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာ့ တပ်မတော်ကိုသာမက ကိုးကန့်လက်နက်ကိုင် တပ်ကိုလည်းကောင်း၊ အခြားသောဒေသတွင်း လက်နက်ကိုင်တပ်များနှင့် နေရင်းပြည်သူများကဲ့သို့ မျက်မြင်သက်သေ များကိုလည်းကောင်း ဆက်သွယ်မေးမြန်း တင်ပြရမည်ဖြစ်ကြောင်း၊ တိုက်ပွဲသတင်းများ ဖော်ပြရာတွင် နှစ်ဖက်တပ်များ၏အသံကို ချပြနိုင်ရေး ကြိုးပမ်းသည့် သတင်းမီဒီယာသမားများအား ခြိမ်းခြောက်မှု အသွင်ဆောင်သည့် ဖြေကြားမှုသည် မသင့်လျော်ဟု ယူဆကြောင်း စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့ မြဝတီသတင်းစာတိုက်တွင် ပြုလုပ်သော တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု ချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် စစ်မက်ဖြစ်ပွားရာ ဒေသများတွင် သတင်းရယူနိုင်မည့် ကျင့်စဉ် (Code of Conduct) နှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့သည်ကို သိရကြောင်း၊ ယင်းကျင့်စဉ်မျိုး တရားဝင် မပေါ်ထွက်သေးသဖြင့်လည်း မီဒီယာဥပဒေများ ချိုးဖောက်မှုအတွက် တည်ဆဲဥပဒေပါ ပြစ်ဒဏ်ထက် ပြန်းထန်လွန်ကဲသော ထောင်ဒဏ်၊ သေဒဏ်များကို စစ်အုပ်ချုပ်ရေးအရ အရေးယူချမှတ် ခံရနိုင်သည်ဟု ဖော်ပြလာခြင်းဟု ယူဆရန်ရှိနေကြောင်း၊ ထို့ကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ)အနေ ဖြင့် အဆိုပါ Code of Conduct  ကိစ္စ အမြန်ပေါ်ပေါက် လာရန်နှင့် ပြည်သူ၏သတင်းသိပိုင်ခွင့် ဖြည့်ဆည်းရာတွင် မည်သည့်ခြိမ်းခြောက်မှုမျိုးမှ မခံရနိုင်ရန် အလျင်အမြန် စဉ်းစားဆွေးနွေး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းသည်ဟု PEN Myanmar က ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment